ရန်ကုန်၊ ဇူလိုင် ၁၇
Kaung For you တွင် စာသင်ရန်နှင့် အလုပ်လျှောက်ထားခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် ရှောင်တိမ်းကြရန် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးနှင့် တက်ကြွလှုပ်ရှားသူများက အရေးပေါ် သတိပေးချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။
လက်ရှိတွင် စစ်တပ်က Kaung For You တည်ထောင်သူနှင့် ဆရာ ၂ ဦးကို ဖမ်းဆီးပြီးနောက် အချက်အလက်များအားလုံး ၎င်းတို့၏ လက်ထဲရောက်ရှိသွားပြီဖြစ်ပြီး တိုင်းစစ်ဌာနချုပ်အလိုက် ဖမ်းဆီးရမည့်စာရင်းများကို ပြုစုပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။
“Kaung For Youရဲ့Founderဖြစ်တဲ့ ဆရာကောင်းသိုက်စိုးအဖမ်းခံရကြောင်း MRTVမှာကြေညာသွားပါတယ်။ အဲ့ဒီအတွက် ကျောင်းအပ်ထားတဲ့ကလေးမိဘတွေ၊ CDM တွေ၊ ကျောင်းသားတွေ အားလုံးဂရုစိုက်ပေးကြပါ။ ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)ကနေနှိုးဆော်ခဲ့တဲ့အတိုင်း Telegram/Viber GroupများထဲကနေLeaveလုပ်ထားကြပြီး User name တွေ၊ Profile Photoတွေကိုပြောင်းပေးထားကြပါ။ မိဘတွေအနေနဲ့K4Uကိုပေးထားတဲ့ဖုန်းနံပါတ်တွေကိုခဏစွန့်ပစ်ပြီးတစ်ခြားဖုန်းနံပါတ်ကိုပြောင်းလဲအသုံးပြုပေးကြပါ။အတတ်နိုင်ဆုံးကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုထိန်းသိမ်းထားပါ။ ဖြစ်နိုင်ရင်နေရာပြောင်းရွှေ့ပြီးနေပေးကြပါ။ Kaung For Youကဆက်သွယ်ခဲ့သောPhoneများကိုရော၊ အယောင်ဆောင်ဖုန်းများအားလုံးကိုBlack list(သို့မဟုတ်)Blockထားကြပါ။ Kaung For Youနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုအတတ်နိုင်ဆုံးဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်”ဟု အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)က အရေးပေါ် ကြေညာချက်ထုတ်ပြန်သည်။
CDM ဗိုလ်ကြီး Captain Zero ကလည်း “K4Uမှာစာသင်တဲ့ဆရာ ၊ ဆရာမတွေ ရှောင်ကြဖို့လိုပါပြီ ။ အခုပဲ ဆရာမတစ်ယောက်အိမ်ကိုလာရှာတာ ကံကောင်းလို့ အဲ့ဆရာမလွတ်သွားပါတယ် ။ Dataအစုံအလင် စကစလက်ထဲရောက်သွားပြီမို့ မပေါ့ကြပါနဲ့တော့ ။ မိသွားရင် ခေါင်းစဉ်မျိုးစုံတပ်ပြီး အမှုကြီးနဲ့အဖွင့်ခံရမှာပါ ။ ကျေးဇူးပြုပြီး K4Uနဲ့ပတ်သက်သူတွေ ကျွန်တော့်ဒီpostမှာ ဝင်မမန့်ပါနဲ့နော် ။ စာကိုမြင်တာနဲ့ တန်းရှောင်ပါ” ဟု သတိပေးချက်တစ်ရပ်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။