29 C
Yangon

ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံကို ဝင်ရောက်စီးနင်းပြီး အရာရှိနှင့်ဝန်ထမ်းများကို ဖမ်းဆီးထားဟု YDF အတည်ပြု၊ CDM ပြုလုပ်ရန် ၃ ကြိမ် သတိပေးခဲ့ပြီး ကား ၄ စီးနှင့် သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဩဂုတ် ၁

မကွေးတိုင်း၊ ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံကို ဝင်ရောက်စီးနင်းပြီး အရာရှိနှင့်ဝန်ထမ်းများကို ဖမ်းဆီးထားကြောင်းယောဒေသ ကာကွယ်ရေးတပ် YDF အတည်ပြုလိုက်သည်။

အဆိုပါစက်ရုံမှ ဝန်ထမ်းများကို CDM ပြုလုပ်ရန် ၃ ကြိမ် သတိပေးခဲ့သော်လည်း မလိုက်နာသဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကား ၄ စီးနှင့် သေနတ် ၁ လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“ကျနော်တို့ ပြန်သိရတာက PDF ၄၀ လောက် စက်ရုံထဲဝင်ပြီး ဖမ်းသွားတယ်လို့ သိရပါတယ်။ စက်ရုံကတော့ လုံး၀ ရပ်ဆိုင်းသွားပြီ။ ပုဂ္ဂလိကနဲ့ စစ်တပ်ပူးပေါင်းလုပ်တဲ့ စက်ရုံ” ဟု MOGE သတင်းရင်းမြစ်က ပြောသည်။

YDF ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ၊ ၂၈ ရက်နေ့ တွင် မကွေးတိုင်း၊ ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ ၁၂ မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံကို YDF တပ်ရင်း (၁၂) မှ ဝင်ရောက်စီးနင်းခဲ့ပြီး ကားလေးစီးနှင့်သေနတ်အတိုတစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း၊ စက်ရုံ ဝန်ထမ်းများနှင့် အင်ဂျင်နီယာမှူး မင်းအောင်တို့ကို ဖမ်းဆီးထိန်းချုပ်ထားကြောင်း YDF စစ်ဦးစီးချုပ် ကိုဘလှိုင်းက အတည်ပြုကြောင်း သိရှိရသည်။

MOGE ၏ သတင်းရင်းမြစ်ကမူ လက်ရှိ ဝန်ထမ်းများမရှိတော့သော အဆိုပါ ပုထိုးလုံစက်ရုံ၏ လုံခြုံရေးအတွက် စစ်တပ်စေလွှတ်ရန် ရှိရကြောင်း ပြောဆိုသည်။

ဓာတ်ပုံ- ပုထိုးလုံ ၁၂ မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article