ရန်ကုန်၊ သြဂုတ် ၁၉
မကွေးတိုင်း ဆောမြို့နယ်တွင် အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ခွဲ ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားကို သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ချုပ် (အ.က.ရ – ဗဟိုဌာနချုပ်)၏ ဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး မြေပြင် အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ခံများ၊ ကျေးရွာအုပ်ချုပ်ရေး၊ ကာကွယ်ရေး တာဝန်ခံများ၊ ဆောမြို့နယ် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲ၏ အလုပ်အမှုဆောင်များ၊ ကျောင်းအာဏာပိုင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဒေါ်အိသဌ္ဇာမောင်မှ ပေးသော သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ် (အ.က.ရ – ဗဟိုဌာနချုပ်)၏ ဥက္ကဌ အထွေထွေအတွင်းရေးမှူးချုပ်ရုံးတို့မှ ပေးပို့လာသော သဝဏ်လွှာများ ကိုလည်း အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်၏ ကိုယ်စားလှယ်နှစ်ဦးမှ အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။
ထို့နောက်တွင် တာဝန်ရှိ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ခေါင်းဆောင်များမှ ဗဟိုဌာနချုပ်ကိုယ်စား ဆောမြို့နယ် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲ၏ အလုပ်အမှုဆောင်များကို ခန့်အပ်လွှဲများ ပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ချုပ်၏ ကိုယ်စားလှယ်နှစ်ဦးမှ အခြေခံပညာကျောင်းသားများ ရေးရာအဖွဲ့ချုပ်၏ အလံတော်နှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေတို့ကို ဆောမြို့နယ် အခြေခံပညာ ကျောင်းသားများရေးရာအဖွဲ့ခွဲထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဆောမြို့နယ် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲ၏ အလုပ်အမှုဆောင်များမှ အ.က.ရ (အဖွဲ့ချုပ်)၏ သစ္စာအဓိဌာန်ကို သံပြိုင်ရွတ်ဆိုကြပြီး အဖွဲ့ချုပ်၏ အလံတော်အား အလေးပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။ နိဂုံးချုပ်အနေဖြင့် ဆောမြို့နယ် အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲ၏ ဥက္ကဌမှ အလုပ်အမှုဆောင်အဖွဲ့ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။