30 C
Yangon

Must read

အရာတော်၊ ကောင်းသစ်ရွာမှ ဗိုလ်ကြီးထိန်လင်းနှင့် တပ်ကြပ် ကြီး ကျော်သဲဦးတို့၏ မိသားစုနှင့်ဆွေမျိုး နေအိမ် ၆ လုံး အပါအဝင် ကျေးရွာများနှင့် ပြည်သူပိုင်နေအိမ်များကို စစ်တပ်က ဖျက်ဆီးမီးရှို့၊ ပေါက်နှင့်မြိုင်တွင်လည်း ကျေးရွာ ၁၁ ရွာထက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံရ

ရန်ကုန်၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကောင်းသစ်ကျေးရွာမှ ရုရှားပြန် ဗိုလ်ကြီးထိန်လင်းနှင့် တပ်ကြပ်ကြီး ကျော်သဲဦးတို့၏ မိသားစုဝင် နေအိမ် ၆ လုံးအပါ အဝင်ပြည်သူပိုင်နေအိမ်များကို စစ်တပ်က ဖျက်ဆီးမီးရှို့သွားကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဩဂုတ်လ ၈ ရက်နေ့ ဒီပဲယင်းမြို့နယ် အင်ပင်နှင့် ယဒင်ကျေးရွာကို ရဟတ် ယာဉ်ဖြင့် ပစ်ခတ်ပြီး စစ်အင်အား ၁၂၀ ခန့်ချသွားကြောင်း၊ အရာတော်မြို့နယ်၊ အောင်စီကျေရွာကိုလည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး အင်အား ၁၀၀ ခန့် ချသွားကြောင်း၊ စစ်ကြောင်း နှစ်ကြောင်းသည် အင်ပင်၊ ယဒင် ရွာကိုဝင်ပြီး ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးပြီ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်သွားကြောင်း၊ ကိုင်းကံရွာမကြီးအုပ် ရွာ အုပ်ရှင်းကြီးရွာများဝင်ရောက်ဖျက်ဆီးပြီး
ကောင်းသစ်ကျေးရွာမှ ရုရှားပြန် ဗိုလ်ကြီး ထိန်လင်း နှင့် တပ်ကြပ်ကြီး ကျော်သဲဦးတို့၏ မိသားစုဝင် အိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

အဆိုပါစစ်တပ်က အရာတော်မှ ဒီပဲယင်း ရှေ့တောင်ရပ် လက်လုပ်တောင်ရွာကို လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်ဝင်ရောက်ကာ ပြည်သူပိုင်အိမ်(၂)လုံး မီးရှို့ပြီး အိမ်မွေး ကြက် ဝက်များ သက်ဖြတ်စားသောက်ကြကြောင်း၊ ဩဂုတ်လ ၉ ရက်နေ့ နံနက်လင်းပိုင်း မူးကမ်းကြီးရွာကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ပြီး၀င်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၃ ရက်တိတိ ဖျက်ဆီးပြီးနောက် ဩဂုတ်လ ၁၁ ရက်နေ့တွင်ရေဦးမြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ အရာတော်မြို့နယ် ပေါင်းကျ ခင်သာ ဘက် နယ်မြေရှင်းလင်းရေး ၀င်လာသော အခြား စစ်ကြောင်း တစ်ခုကလည်း ကောင်းသစ်ကျေးရွာ ထပ်မံ၀င်ရောက်ခဲ့ကြောင်း၊ ဒီပဲယင်းနယ် လက်လုပ် တောင်ရွာမြောက်ရွာ ၀င်ရောက်လာပြီး ပြည်သူပိုင်အိမ် (၂) လုံး မီးရှို့သွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ သြဂုတ်လ ၁၆ ရက်နေ့ထိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တွင်းမရွာကို ရဟတ်ယာဥ်များဖြင့် ၄ ခေါက် လူချကာ စစ်သား အင်အား ဖြည့်ခဲ့ကြောင်း၊ အဆိုပါ စစ် ကြောင်းသည် အင်အား ၃၀၀ ကျော်ခန့်ဖြစ် ၂ ဖွဲ့ခွဲကာ သြဂုတ်လ ၉ ရက်နေ့တွင် မှ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ကို စစ်ကြောင်း ထိုးခဲ့ကြောင်း၊ ပေါက်မြို့နယ်သို့ ထွက်ခွာလာသော စစ်ကြောင်းသည် သြဂုတ်လ ၁၁ ရက်နေ့တွင် ရဟတ်ယာဥ်ဖြင့် စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း၊ မဆုတ်ခွာခင်လည်း ပတ်ဝန်းကျင် အနီးအနား ကျေးရွာများအားလုံးကို မီးတင်ရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် မြိုင်မြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကြောင်းသည် ပဒိုင်းတောရွာတွင် ညအိပ်ပြီး ရွာမီးရှို့ဖျက်ဆီးခဲ့ကြောင်း ထို့ပြင် သာစည်ကျေးရွာ၊ နှမ်းဆီကန်၊ သစ်ပု လွေကုန်းရွာနှင့် ရေထွက်ရွာများကိုလည်း ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၁၊ ၁၂၊ ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် မြိုင်မြို့နယ်အတွင်း သောင်း ကျန်းနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ပေါက်မြို့နယ်အတွင်းသို့ ရောက်ရှိလာကာ ရှားစေးချက်၊ ထောက်ရှာပင် ၊ တဲကြီး၊ နားသတ်၊ ကမ်းပျိုဘက်ရွာများကို စစ်ကြောင်းထိုးပြီး ထန်းပေါက်ကုန်းရွာ စာသင်​ကျောင်းတွင် ညအိပ်ကာ လမ်းတလျောက် စစ်ဘေးရှောင် ခန်း ၅ ခု မီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် ထန်းပေါက်ကုန်းရွာမှ သစ်ကြီးတောဘက်သို့ရောက်ရှိလာပြီး ချိုင်ဇောက်ရွာအထက်စုရွာသို့ ညနေပိုင်းတွင် ရောက်လာပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် ချိုင်ဇောက်အထက်စုရွာ ဘုန်းကြီးကျောင်းတွင် ညအိပ်ပြီး သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၄၀ နီးပါး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချိုင်ဇောက်အောက်စုရွာ ထပ်မံ ရောက်ရှိလာပြီး ကျေးရွာကို ထပ်မံမီးရှို့ဖျက်တီးခဲ့ကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ ၁၄ ရက်နေ့ကလည်း ကမ္မဘက်မှ မြိုင်မြို့နယ် ဝါးရင်းချိုင်ကျေးရွာသို့ ဖောကား ၂ စီးဖြင့် အင်အား ၅၀ ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထပ်မံ ရောက်ရှိလာပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် ပေါက်မြို့နယ် ကံသစ်ကျေးရွာ၌ ညအိပ်ခဲ့ကြောင်း၊ သြဂုတ်လ ၁၆ ရက်နေ့တွင် နားသတ်ကျေးရွာအနီးတွင် စစ်ကြောင်းဖျောက်ထားပြီး ပြည်သူများကို ဖမ်းဆီးသတ် ဖြတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ ပေါက်မြို့နယ်မြောက်ပိုင်းစသိန်းကျေးရွာကို ပစ်ခတ်ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ဩဂုတ်လ ၁၉ ရက်နေ့အထိ ချိုင်ဇောက်အထက်စုရွာမှ ၃၈ အိမ်၊ ချိုင်ဇောက်အောက်စုမှ ၁၀ အိမ်၊ ရေထွက်မှ ၃၈ အိမ်၊ ရှားစေးချက်မှ၂၃ အိမ်၊ ပန်းတိုင်းတောမှ ၁၆ အိမ်၊ သာစည်မှ ၁၂ အိမ်၊ နှမ်းဆီကန်မှ ၇ အိမ် ၊သစ်ပုလွေကုန်းမှ ၁၅ အိမ် ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ပေါက်မြို့နယ်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ပြည်သူပိုင် နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article