38 C
Yangon

သတင်းမီဒီယာအမည်ခံ၍ နိုင်ငံရေး ဝါဒဖြန့်နေသည့် စစ်ကောင်စီ၏ MPCနှင့် အဖွဲ့ဝင် အေးချမ်းကို ကန့်ကွက်ရှုတ်ချဟု သတင်းမီဒီယာများနှင့်အဖွဲ့ ၃၃ ခုက ကြေညာချက် ထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

နိုင်ငံတကာတွင် သတင်းမီဒီယာအမည်ခံ၍ နိုင်ငံရေး ဝါဒဖြန့်နေသည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) နှင့် အဖွဲ့ဝင် အေးချမ်းကို ကန့်ကွက်ရှုတ်ချဟု လွတ်လပ်သော သတင်းမီဒီယာများနှင့်အဖွဲ့ ၃၃ ခုက ကြေညာချက် ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

အရှေ့ တီမော (Timor-leste) နိုင်ငံတွင် ကျင်းပခဲ့သည့် “The Dili Dialogue Forum 2022” တွင် အာဏာသိမ်း စစ်အစိုးရ၏ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီအား ကိုယ်စားပြုတက်ရောက်ခွင့်ပေးသည့်အပေါ် လွတ်လပ်သော မြန်မာမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်ကြခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့တွင် အရှေ့တီမောနိုင်ငံတွင် မီဒီယာ စိန်ခေါ်မှုများခေါင်းစဥ်ဖြင့် ကျင်းပခဲ့သည့် “The Dili Dialogue Forum 2022” တွင် ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဉီးစိုးသိန်း၏သား ဖြစ်သူ ဦးအေးချမ်းက အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် မြန်မာ သတင်းမီဒီယာ ကောင်စီ (Myanmar Press Council) အဖွဲ့ဝင်အဖြစ် တက်ရောက် စာတမ်းဖတ်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဖတ်ကြားရာတွင် ဦးအေးချမ်းက မြန်မာနိုင်ငံ၏ မီဒီယာစိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ပြောကြားခဲ့ပြီး စစ်အာဏာသိမ်းမှုသည် တရားဝင်ဖြစ်ပြီး၊ လက်ရှိ လွတ်လပ်သော မြန်မာမီဒီယာများ၏ သတင်းတင်ဆက်မှုများ သည် သတင်းတု၊ သတင်းအမှားများဖြစ်ပြီး တိုင်းပြည်အခြေအနေ ပိုမိုဆိုးဝါးလာအောင် ပြုလပ်နေကြောင်း မဟုတ်မမှန်သော အချက်အလက်များကို ကိုးကား၍ ပြောဆိုသွားခဲ့ကြောင်း၊ ဖိုရမ်တွင် ဖတ်ကြားသည့် စာတမ်းသည် လွတ်လပ်သော သတင်းမီဒီယာများ၏ ရပ်တည် နေရသည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်များကို တစ်လုံးတစ်ပါဒမျှ ဖော်ပြခြင်းမရှိဘဲ စစ်ကောင်စီ အလိုကျ NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်သော မမှန်ကန်သည့် ဝါဒဖြန့် သတင်းစကားများကိုသာ ဖြန့်ဝေခဲ့ကြောင်း တွေ့ရှိရသည်ဟု ကြေညာချက်တွင် ထုတ်ပြန်ထားသည်။

ဦးအေးချမ်း၏ ဖိုရမ်တွင် ပြောကြားချက်များတွင် မပါခဲ့သည့် အချက်မှာ အများသဘောဖြင့် ရွေးကောက်တင် မြှောက်ထားသော အဖွဲ့ဝင် ၂၇ ဦးပါ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်၏ အဖွဲ့ဝင် ၂၃ ဦးသည် စစ်ကောင်စီနှင့် ပူးပေါင်း မဆောင်ရွက်လိုကြသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ပြိုင်နက်တည်း နုတ်ထွက်သွားခဲ့ ကြသည်ကို ဖုံးကွယ်ထားခဲ့သည်ဟု ကြေညာချက်တွင် ထောက်ပြထားသည်။

ထိုကဲ့သို့ နှုတ်ထွက်သွားမှုသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အနေဖြင့် ၄င်း တာဝန် ယူဆောင် ရွက်ရမည့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ခြင်း၊ မီဒီယာ ကျင့်ဝတ်စံနှုန်းများကို ထိန်းကျောင်း ခြင်းနှင့် လုပ်ဖော် ကိုင်ဘက် သတင်းသမားများကို ကာကွယ်စောင့်ရှောက်ခြင်း ဆိုသည့် တာဝန်များကို မလုပ်ဆောင် နိုင်တော့ကြောင်း ဖော်ပြနေခြင်း ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ယနေ့အထိ ဖမ်းဆီးခံရသည့် သတင်းထောက်ပေါင်း ၁၄၀ ကျော်ရှိကာ ၄င်းတို့ထဲမှ ၅၅ ဦးသည် ယခုအချိန်ထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ လွတ်လပ်သည့် မီဒီယာအဖွဲ့အစည်း ၁၁ ဖွဲ့၏ လုပ်ငန်း လိုင်စင်များ ရုပ်သိမ်းခံထားရကြောင်း၊ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်များ၏ ညှဥန်းပန်းနှိပ်စက်သတ်ဖြတ် ဖိနှိပ်မှုများကြောင့် ယနေ့အထိ သတင်းသမား ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း၊ ၄င်းတို့အနက် အလွတ်တမ်း ဓါတ်ပုံသတင်းထောက်တစ်ဉီးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ပြီး ချင်းပြည်နယ်အခြေစိုက် တိုင်းရင်းသား သတင်း‌ထောက်တစ်ဦးမှာ အခြားသော အရပ်သားများနှင့်အတူ ဖမ်းဆီးခံရစဥ် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း လက်ရှိ အခြေအနေကို ရှင်းပြထားသည်။

လက်ရှိ မြန်မာသတင်းမီဒီယာကောင်စီသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တိကျမှန်ကန် ခိုင်လုံပြည့်စုံသော မြေပြင်သတင်းအချက်အလက်များနှင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် စိတ်ပိုင်း၊ ရုပ်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမှောင်ချထားပြီး တီမောနိုင်ငံရှိ ဖိုရမ်တွင် မြန်မာနိုင်ငံ၏ မီဒီယာစိန်ခေါ်မှုအဖြစ် ဖြင့် တင်ပြခြင်းမှာ စစ်ကောင်စီ၏ နိုင်ငံတကာမီဒီယာသို့ သတင်းမှားများကို ဖြန့်ဝေခြင်းသာဖြစ်သည်ဟု ထောက်ပြလိုသည်ဟု ကြေညာချက်က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံ လွတ်လပ်သည့် သတင်းမီဒီယာ အဖွဲ့များနှင့် သတင်းစာဆရာ/ ဆရာမများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်နေပြီး သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူတင်ဆက်ပိုင်ခွင့်ကို စွက်ဖက်ကာ မြန်မာပြည်သူ တစ်ရပ်လုံး၏ သတင်းစာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေကြောင်း၊ ထိုကဲ့သို့ သတင်းလွတ်လပ်ခွင့်ကို အကြီးအကျယ်ဖိနှိပ်နေသော အာဏာသိမ်းစစ် အစိုးရတစ်ရပ်၏ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီကို အရှေ့တီမောနိုင်ငံက ကျင်းပသော မီဒီယာဖိုရမ်တွင် ကိုယ်စားပြုခွင့်ပေးပြီး စာတမ်းတင်ပြခွင့် ပေးခဲ့မှုကို မြန်မာနိုင်ငံ၏ လွတ်လပ်သော မီဒီယာအဖွဲ့အစည်းများ အားလုံးက ပြင်းထန်စွာ ရှုံ့ချကြောင်း ဖော်ပြထားသည်။

ဒေသတွင်းနှင့် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရများအနေဖြင့် ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ သြဇာခံထားပြီး Mis-information, Dis-informationg နှင့် အမုန်းစကားများ ဖြန့်ဝေနေသည့် တရားမဝင် စစ်ကောင်စီကို နေရာပေး ဖိတ်ကြားခြင်းကို ပြင်းထန်စွာ ရှုံ့ချကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ MPC အဖွဲ့ဝင်လည်းဖြစ်၊ ယခင်ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏သား အေးချမ်း နှင့် သတင်းမီဒီယာအဖွဲ့ ၃၃ ခု၏ ကန့်ကွက်ရှုတ်ချသော ကြေညာချက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article