28 C
Yangon

မုံရွာတွင် ခိုးဆိုးလုနှိုက်၊ လူသတ် မုဒိမ်းမှုများ ကျူးလွန်နေသော လူမိုက်ဂိုဏ်းကို PDF တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး၊ လူသတ်မှု ၃၄ မှု၊ မုဒိမ်းမှု ၂၄ မှုများ ကျူးလွန်ထားသော လူမိုက် ငြိမ်းချမ်းဦး (ခ) ဂျပန်ကြီးကို ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ခိုးဆိုးလုနှိုက်၊ လူသတ် မုဒိမ်းမှုများ ကျူးလွန်နေသော ဂိုဏ်းအဖွဲ့ကို PDF တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း PDF များက ပြော သည်။

မင်းအောင်လှိုင်င်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာ သိမ်းပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လူမိုက်များကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယင်းအထဲတွင် မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုများ ကျူးလွန်နေသော လူမိုက်ဂိုဏ်းအဖွဲ့ဝင်များ ပါဝင်လာပြီး ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေသဖြင့် PDF တပ်ဖွဲ့များက အရေးယူမှုများ လုပ်ဆောင်လာရခြင်း ဖြစ်ကြောင်း သိရှိရသည်။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ၏ Monywa The Boys နှင့် အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့က လူမိုက်ဂိုဏ်းတစ်ခုကို လိုက်လံဖမ်းဆီးခဲ့ရာ ဂိုဏ်းအဖွဲ့ဝင်တစ်ဦးသည် စစ်ဆေးနေစဉ် သေဆုံးခဲ့ပြီး ဂိုဏ်းခေါင်းဆောင် ဇော်ဦး (ခ) ဆံရှည်မှ သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

လူသတ်မှု ၃၄ မှု၊ မုဒိမ်းမှု ၂၄ မှုနှင့် လုယက်မှု၊ ခိုးမှုများ ကျူးလွန်ထားသည့် ရာဇဝတ်ဂိုဏ်းဝင် ငြိမ်းချမ်းဦး (ခ) ဂျပန်ကြီးကို စက်တင်ဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်‌ဆေးနေစဉ်အတွင်း စက်တင်ဘာလ ၃ ရက်နေ့တွင် နှလုံးဖောက်ကာ သေဆုံးသွားကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

သေဆုံးသွားသူ ငြိမ်းချမ်းဦး(ခ) ဂျပန်ကြီးသည် စစ်အာဏာသိမ်းပြီးနောက် ၁ နှစ်ခွဲအတွင်း လူသတ်မှု ၃၄ မှု ၊ မုဒိန်းမှု ၂၄ မှု (ယင်းအမှုကြီးများတွင် မုဒိမ်းကျင့် သတ်ဖြတ်မှု ၁၃ မှု) ၊ နေအိမ်ဝင်စီးမှု ၁၁ မှု ၊ အသက်မပြည့်သူ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်မှု အပါအဝင် မုဒိမ်းမှု ၂၄ မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံဖြောင့်ချက်ပေးသည်။

ဂျပန်ကြီးထံမှ သေနတ် အတို ၁ လက်၊ ဓါးတို ၇ လက်၊ အရှည် ၃ လက်တို့ကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အဖွဲ့သည် အများပြည်သူပိုင် ဆိုင်ကယ် ၆၅ စီး၊ ငွေကျပ် သိန်း ၆၅၀ ကျော်၊ ရွှေလုယက်မှု ၂၃ မှု ရှိသည်ဟု ဂျပန်ကြီးက ဝန်ခံထွက်ဆိုသည်။

၎င်း၏ ဝန်ခံထွက်ဆိုချက်အရ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဇော်ဦး (ခ) အရှည်ကြီးကို စက်တင်ဘာလ ၄ ရက်နံနက်တွင် မုံရွာမြို့၊ ကမ်းနားလမ်း၊ ကျောက်ဆောင်ဆိပ်အနီးတွင် သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရာဇဝတ်ဂိုဏ်းကဲ့သို့ ခိုးဆိုးလုနှိုက် မုဒိမ်း လူသတ်သမားများကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဆက်လက်ရှာဖွေ ဖမ်းဆီးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့် နေထိုင်ကြရန်နှင့် ရာဇဝတ်မှုများကို တွေ့ရှိပါက နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ တိုင်ကြားရန် တိုက်တွန်းထားသည်။

ဓါတ်ပုံ – Chindwin Attack Force က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် မုဒိမ်းမှု ၂၄ မှု နှင့် လူသတ်မှု ၃၄ မှု ကျူးလွန်သူ ငြိမ်းချမ်းဦး (ခ) ဂျပန်ကြီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article