29 C
Yangon

မကွေး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် လိင်စိတ်လွန်ကဲသူ ရဲမှူးကြီး သူရသွင်ကိုကို နေရာ အစားထိုး ခန့်အပ်ခံရသော ရဲမှူးကြီး လင်းထွဋ် စီးပွားရေးသမားများထံမှ သိန်းရာချီ ငွေတောင်း

Must read

By ရန်ကုန်ခေတ်သစ်

မကွေးတိုင်းစစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်တဲ့ ရဲမှူးကြီး သူရသွင်ကိုကို ဟာ မကွေး တိုင်းအတွင်း ရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စတွေ အားနည်း မနိုင်မနင်း ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အရေးယူလိုက်ပြီး ရန်ကုန်တိုင်း လှော်ကားမှာရှိတဲ့ ရဲအကြပ် အတတ်သင်ကျောင်းရဲ့ ကျောင်းအုပ်ကြီးအဖြစ် မကြာသေးမီက ပြောင်းရွှေ့ခံလိုက်ရပါတယ်။

၂၀၁၂ ခုနှစ်မှာ လက်ပံတောင်းတောင် အရေးအခင်းမှာ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ခဲ့သူ၊ တဏှာရမက် ကြီးလွန်းပြီး မိန်းမမြင်ရင် မနေနိုင်တဲ့ လိင်စိတ်လွန်ကဲသူ၊ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူ ရဲမှူးကြီး သူရသွင်ကိုကို ဟာ နောက်ဆုံးမှာ စစ်အာဏာရှင်တွေရဲ့ အရေးယူမှုကြောင့် တိုင်းစစ်ကောင်စီဝန်ကြီး ဘ၀ ကနေ ရဲသင်တန်းကျောင်း ကျောင်းအုပ်ကြီး ရာထူးထိုးကျသွားခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် ရဲမှူးကြီး သူရ သွင်ကိုကို နေရာ အစားထိုးဝင်လာတဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်က ယခင်ဝန်ကြီးထက် ပိုလို့တောင် လက်သံပြောင် ပိုဆိုးနေပါတယ်။ မြန်မာစကားပုံ “နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ထက်ကဲ” ဆိုသလိုပါပဲ။ အရင်လူထက်တောင် ပိုမိုဆိုးသွမ်း ဒုက္ခပေးသူ ဖြစ်နေပြန်ပါတယ်။

မကွေးတိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ရဲမှူးကြီး လင်းထွဋ် နောက်ကြောင်းရာဇဝင် လှန်ကြည့်ရအောင်ပါ။

ရဲမှူးကြီး လင်းထွဋ် အလုပ်သင်ဗိုလ်သင်တန်း(တေဇ ၂၀) အပတ်စဉ်ဆင်း စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကို မိုးကျရွှေကိုယ်တစ်ဦးအဖြစ်ရောက်ရှိလာသူလည်းဖြစ်ပါတယ်။ လက်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် စိုးဝင်းနဲ့ ရင်းနှီးသူလည်းလို့ ဆိုကြပါတယ်။ သူဟာ တာဝန်ကျရာနေရာတိုင်းမှာ လာဘ်စားမှုနဲ့ နာမည်ကြီးသူတစ်ဦးအဖြစ် ထင်ရှားသူပါ။

စစ်အရာရှိကနေ ရဲဘက်ပြောင်းခဲ့ပြီးနောက် ဒုတိယရဲမှူးကြီး ရာထူးရရှိချိန်က ရန်ကုန်မြို့၊ ၅၁ လမ်းရုံးမှာ အမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ အဲဒီနောက် ရဲမှူးကြီးရာထူးတိုးပြီး ရဲအကြပ် အတတ်သင်ကျောင်း (လှော်ကား) ကျောင်း အုပ်ကြီးဖြစ်ခဲ့ပါတယ်။ အခုနောက်ဆုံးမှာတော့ မကွေးတိုင်းလမ်းပန်းဝန်ကြီးဖြစ်လာခဲ့တာပါ။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးလည်းဖြစ်သူ ရဲမှူးကြီး လင်းထွဋ် ဟာ ၂၀၂၂ ခုနှစ်မှာ အစိုးရ လုပ်ငန်း တင်ဒါအောင်ထားတဲ့ ကုမ္မဏီတွေဆီကနေ လာဘ်ငွေတွေ အကြီးအကျယ်တောင်းယူတယ်လို့ မကွေးတိုင်းစစ်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရပါတယ်။

ရဲမှူးကြီး လင်းထွဋ် တောင်းခံတဲ့ ငွေပမာဏကလည်း ငွေကျပ် ၁၀ သိန်း အနည်းဆုံးကနေ အများဆုံး သိန်းရာချီ တင်ဒါအောင်မြင်တဲ့ လုပ်ငန်းပမာဏအပေါ်မှာ လိုက်ပြီး တောင်းခံနေတယ်လို့ သိရပါတယ်။

” လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး လင်းထွဋ်က သူ့လက်အောက်ငယ်သားတွေကတစ်ဆင့် မကွေးတိုင်းမှာ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေ ဆက်သွယ်ပြီး ဂါရဝပြုခိုင်းတာ။ ဂါခိုင်းတာပေါ့။ ငွေ ပေါ်တင်တောင်းခိုင်းတာ။ အစိုးရအဖွဲ့ထဲမှာတောင် ဒီဝန်ကြီး ကြမ်းလှချည်လားလို့ တောင် ဖြစ်ကုန်”လို့ မကွေးတိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောပါတယ်။

မကွေးတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြစ်ပြီး လပိုင်းအကြာလောက်မှာ ရဲမှူးကြီး လင်းထွဋ်က သူ့လက်အောက် ငယ်သားတွေကတစ်ဆင့် စီးပွားရေးသမားတွေဆီက လာဘ်ငွေတောင်းခံတဲ့အပြင် လက်ကိုင်တုတ် စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း လက်သပ်မွေးထားပါသေးတယ်။

Win & Moe ကုမ္ပဏီပိုင်ရှင် သက်ဝင်းဟာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကိုယ်ရေးအရာရှိနဲ့ပေါင်းပြီး စီးပွားရေးသမားတွေဆီက ဝန်ကြီးအတွက် လာဘ်ငွေရရှိဖို့ ငွေညှစ်တာတွေလည်း တောက် လျှောက် ဆိုသလို လုပ်ကိုင်နေပါတယ်။

ရဲမှူးကြီး လင်းထွဋ် ဟာပစ္စည်းအကောင်း အလွန်ကြိုက်တတ်သူလည်းဖြစ်ပါတယ်။ ဂွင်ဖန်ချင်တဲ့ စီးပွားရေးသမား တချို့က သူ့ထံကို ပစ္စည်းအကောင်းစား ကောင်းပေ့ ညွှန့်ပေ့ ပစ္စည်းတွေနဲ့ ဂါ၀ရပြု ချည်းကပ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဝန်ကြီးဖြစ်လာပြီး လပိုင်းအတွင်းမှာကို လက် သံပြောင်ပြောင်နဲ့ လာဘ်ပေး လာဘ်ယူတွေ ဆက်တိုက် ကျူးလွန်နေတာလည်းဖြစ်ပါတယ်။

ရဲမှူးကြီး လင်းထွဋ်က ငွေကြေးပေးနိုင်သူကို ချိုသာစွာ ဆက်ဆံပေမယ့် ငွေမပေးနိုင်သူကိုတော့ မိုက်ရိုင်းရိုင်း ဆက်ဆံဖို့ ဝန်မလေးတတ်သူလည်းဖြစ်တယ်လို့ဆိုပါတယ်။

မကွေးတိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး လင်းထွဋ် လက်အောက်မှာ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ရှိပြီး၊ ၎င်း ဌာနတွေဟာ နှစ်စဉ် လုပ်ငန်းတင်ဒါနဲ့ ပစ္စည်းဝယ်ယူရေးတင်ဒါအများဆုံးခေါ်ယူတဲ့ ဌာနကြီးတွေလည်းဖြစ်ပါတယ်။

အာဏာသိမ်း ၁၉ လ ကြာမြင့်လာချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိပ်ဆုံး ခေါင်းဆောင် မင်းအောင်လှိုင်ကစလို့ အောက်ဆုံး အရာရှိ ၊ ဝန်ထမ်းတွေအဆုံး မိမိ မိသားစုဘ၀ ချမ်းသာကြွယ်၀ရေးကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေက ပြောင်ပြောင်တင်းတင်း ကျူးလွန်လာနေကြတာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article