38 C
Yangon

ပစ်ခတ်ခံရပြီး သေဆုံးသွားသော အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်ကို အခမ်းအနားဖြင့် စစ်သင်္ချိုင်းတွင် ယနေ့ သဂြိုလ်မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသော အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်ကို အခမ်းအနားဖြင့် မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးချုပ် အုန်းသွင်ကို စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ မင်္ဂလာဒုံစစ်ဆေးရုံ၊ ငြိမ်းအေးဇရပ်မှ စစ်သင်္ချိုင်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ စစ်ဘက်မှ အရာရှိကြီးအဟောင်းများနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေသူများ တက်ရောက်ကြမည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးချုပ် အုန်းသွင်နှင့်အတူ ပစ်သတ်ခံလိုက်ရသော သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇ၏ နာရေးနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာ မသိရှိရဘဲ နှစ်ဦးစလုံး အတူတူ သဂြိုလ်ဖွယ်ရှိသည်ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်မှူးချုပ် အုန်းသွင် ပစ်သတ်ခံရမှုကြောင့် စစ်တပ်မှ အငြိမ်းစားယူထားသော ဗိုလ်မှူးအဆင့်မှစ၍ ဗိုလ်ချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ စိုးရိမ်ထိတ်လန့် နေကြပြီး လက်နက်ကိုင်ဆောင်ခွင့်ရရှိရန် တိုက်တွန်း ပြောဆိုမှုများရှိလာကြောင်း၊ ယခင်ကထက် လုံခြုံရေး အသိဖြင့် CCTV တပ်ခြင်း၊ အသွား အလာများ လျှော့ချ ခြင်းနှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်းများ ရှိနေကြောင်း သိရှိရသည်။

“အကုန်လုံးကတော့ ထိတ်လန့်နေကြတယ်။ သူတို့မလုံခြုံတာကို ခံစားမိကြတယ်။ ရန်ကုန်မှာနေတဲ့သူတွေ နေပြည်တော် ပြောင်းဖို့ စဉ်းစားလာသလို တချို့တွေလည်း ထိုင်းနဲ့ စင်ကာပူ ထွက်ဖို့ ပြင်ဆင်တာတွေကြားရပါတယ်။ ပြည်ပထွက်ခွာဖို့ လုပ်တာတွေလည်း ကြားရတယ်။ အကုန်လုံးတော့ တော်တော်ကို စိုးရိမ်ကြောက်လန့်ကုန်ကြတာ။ လက်နက်ပေးပါလို့ တောင်းသူတွေလည်းရှိတယ်။ လက်ရှိရာထူးတာဝန်ရှိသူကတော့ အငြိမ်စားတွေထက်စာရင် လုံခြုံပါသေးတယ်။ အငြိမ်းစားတွေအားလုံးကို လုံခြုံရေးပေးထားဖို့က လည်း မဖြစ်နိုင်ဘူးလေ” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article