28 C
Yangon

အိုမန်နိုင်ငံတွင် အိမ်အကူ မြန်မာ အမျိုးသမီး ၂ ဦး လစာမရဘဲ တစ်နေ့လျှင် နာရီ ၂၀ နီးပါး အလုပ်လုပ်ရ ၊ ပွဲစား မရှာမီးက ပို့ဆောင်ပြီး တာဝန်မယူဘဲ မြန်မာပြည်ပြန်လျှင် လျှော်ကြေး သိန်း ၆၀ ပေး ရမည်ဆို၍ ဒုက္ခရောက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

အိုမန်နိုင်ငံတွင် အိမ်အကူ သွားရောက်အလုပ်လုပ်သည့် မြန်မာ အမျိုးသမီး ၂ ဦးဖြစ်သည့် မကာလီယာမာနှင့် မဝင်းသက်ထွေးတို့သည် လစာမရဘဲ တစ်နေ့လျှင် နာရီ ၂၀ နီးပါး အလုပ်လုပ်နေရပြီး မြန်မာပြည်ပြန်လျှင် လျှော်ကြေး သိန်း ၆၀ ပေးရမည်ဆို၍ ဒုက္ခရောက်နေကြကြောင်း အဆိုပါ အမျိုးသမီး ၂ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ဇွန်လတွင် အိုမန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် မကာလီယာမာနှင့် မဝင်းသက်ထွေးတို့ နှစ်ဦးသည် အိမ်အကူ လုပ်ရင်း အခက်ကြုံတွေ့နေရကြောင်း၊ တစ်နေ့လျှင် နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ လုပ်ကိုင်နေရကာ ကျန်းမာရေး မကောင်းဖြစ်ချိန်တွင်လည်း အနားယူခွင့်မပးဘဲ မတရား ခိုင်းစေခံနေရကြောင်း၊ လုပ်ခလစာလည်း အပြည့်အဝ မရဘဲ အခက်ကြုံနေရကြောင်း ၊ အိုမန်သို့ပို့ဆောင်သည့် ပွဲစားက မည်သည့်တာဝန်မှ မယူဘဲ မတရားခိုင်းစေခံနေရမှုကို ဖြေရှင်းပေးခြင်း မရှိကြော်ငး ကြောင်း ၎င်းတို့နှစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ကျွန်မတို့လာတာ ၆ လပိုင်း ၂၉ ရက်နေ့က ရောက်တာ။ အခု ၃ လကျော်ပါပြီ။ လစာကိုလည်း အမြဲ ရက် ၂၀ ကျော်မှ ရန်ဖြစ်ပြီး တောင်းရတယ်။ ပြန်ချင်တယ်လို့ အေဂျင့်ကို ပြောတော့လည်း အေးဂျင့်က သိန်း ၆၀ လျော်ရမယ်တဲ့ ။ မနက် ၅ နာရီကနေ ည ၁၂ နာရီအထိ အလုပ်လုပ်ရတယ်။ ခြေထောက်တွေကလည်း ရောင်ကိုင်းနေတယ် တစ်နေ့လုံး မတ်တပ်ရပ်ပြီး လုပ်ရတယ်။ နေမကောင်းဖြစ်နေရင်လည်း မနားခိုင်းဘဲ ဆက်လုပ်ခိင်းတယ်။ ကျွန်မတို့ နှစ်ယောက် လုံးကို ကယ်လို့ရရင် ကယ်ပေးပါ” ဟု မကာလီယာမာက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

မကာလီယာမာနှင့် မဝင်းသက်ထွေး နှစ်ဦးလုံးကို အိုမန်နိုင်ငံသို့ ပို့ဆောင်ပေးသည့် ပွဲစားမှာ မရှာမီး ဆိုသူ ဖြစ်ပြီး အိုမန်နိုင်ငံတွင် အိမ်အကူလုပ်မည်ဆိုပါက သက်သက်သာသာ လုပ်ဆောင်ရမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် အိမ်အလုပ်များ အကုန်ပြီးစီးပြီဖြစ်ကာ သူဌေးရုပ်ပေါက်သွားမည်ဟု လိမ်လည်ပြောဆိုကာ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အိုမန်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် ပွဲစားခကို အဖြစ် လုပ်ခလစာမှ ဖြတ်တောက်မည်ဖြစ်ကြောင်း၊ လက်ရှိ နေထိုင်သည့် အိမ် အဆင်မပြေ၍ အိမ်ပြောင်းလိုသော်လည်း ပြောင်းခွင့် မပေးကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း ငွေကျပ် သိန်း ၆၀ ပေးလျော်မှသာ ပြန်ရမည် ဖြစ်ကြောင်း မဝင်းသက်ထွေးက ပြောကြားသည်။

“ခုနေရတဲ့ အိမ်က ကလေး ၈ ယောက်ရှိတယ်။ တစ်ယောက်တစ်မျိုး ဟင်းချက်ပေးနေရတယ် မနက် ၅ နာရီကနေ ည ၁၂ နာရီလောက်အထိ မနားတမ်းလုပ်နေရတယ်။ လစာရဖို့အတွက်လည်း ရန်ဖြစ်အော် ဟစ်ပြီးမှ ပေးတယ်။ မနေ့ကဆို လစာကိစ္စပြောရင်း ရိုက်ဖို့တောင် လုပ်တယ်။ ကျွန်မတို့ကို ကယ်နိုင်ရင် ကယ်ပါ။ မြန်မာပြည်ပဲ ပြန်ချင်တော့ပါတယ်” ဟု မကာလီယာမာက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အိုမန်၊ ဒူဘိုင်းအပါအဝင် အရှေ့အလယ်ပိုင်းဒေသများသို့ မြန်မာအမျိုးသမီးများကို အိမ်ဖော် အဖြစ် ပို့ဆောင်မှုများ ရှိနေပြီး အလုပ်အကိုင်အဆင်မပြေမှုများ ကြုံတွေ့နေရသော်လည်း မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူ ဖြေရှင်းပေး ခြင်းမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အိုမန်နိုင်ငံတွင် ဒုက္ခရောက်နေသူ မကာလီယာမာနှင့် မဝင်းသက်ထွေး။ ပွဲစားဖြစ်သူ မရှာမီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article