31 C
Yangon

ရန်ကုန်၊ ဒေါပုံရဲစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ တောင်ဥက္ကလာ၊ ဗဟန်း၊မင်္ဂလာတောင်ညွှန့်တို့တွင် ဗုံးများပေါက်ကွဲ၊ အင်းစိန် ရထား ဒီဇယ်စက်ရုံစောင့် စစ်တပ်က သေနတ်ဖြင့် အချက် ၃၀ ကျော် ဆက်တိုက်ပစ်ခတ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်တိုင်း အတွင်းရှိ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ဒေါပုံရဲစခန်း၊ တောင်ဥက္ကလာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ညပိုင်း၌ ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ပြည်သူများနှင့်မြို့ပြပျောက်ကျားတပ်ဖွဲ့များထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၈ မိနစ်ခန့်တွင် ဒေါပုံမြို့နယ် ဒေါပုံရဲစခန်းကို ဒေါင်းစစ်သည်အဖွဲ့က လက်ပစ်ဗုံး တစ်လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်သားနှင့် ရဲများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေး ကြောင်း ဒေါင်းစစ်သည် အဖွဲ့ကပြောသည်။

အလားတူ တောင်ဥက္ကလာမြို့နယ် သင်္ဃန်ကျွန်း ဝေဇယန္တာ ဥယျာဉ်ရိပ်သာရှိ စစ်ကောင်စီရာထူးရှိသူတစ်ဦး၏ နေအိမ်အနီးတွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ် ခန့်တွင် ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်က ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

ထို့ပြင် မင်္ဂလာတောင်ညွှန်မြို့နယ်အတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် ဗုံး ၂ ကြိမ် ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗဟန်းမြို့နယ်အတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၉ မိနစ်နှင့် ၃၇ မိနစ်ခန့်တို့တွင် ဗုံး ၂ ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီခန့် အင်းစိန်မြို့နယ်၊ မြို့ပတ်မီးရထားဒီဇယ်စက်ခေါင်းတွဲ စက်ရုံအတွင်းမှ ကင်းစောင့်နေသော စစ်တပ်က သေနတ်ဖြင့် အချက် ၃၀ ကျော် ဆက်တိုက်ပစ်ခတ်နေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။

“အင်းစိန်မှာတော့ မီးရထားစက်ခေါင်းရုံထဲက စစ်ခွေးတွေ ဘာကို ပစ်နေတာလဲမသိဘူး။ ဆက်တိုက်ပစ်နေတာပဲ။ ခွေးတွေ ရမ်းကားနေတာ” ဟု အင်းစိန်ဒေသခံတစ်ဦးက ပြောဆိုသည်။

အခြားအင်းစိန်ဒေသခံတစ်ဦးကလည်း “အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် မြိုပတ်ဒီဇယ်စက်ရုံထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက သေနတ်နဲ့ အဆက်မပြတ် အတွဲလိုက်ပစ်တာ အချက် ၄၀ကျော်တယ်။ ဘာဖြစ်တာလဲတော့မသိဘူး။ ဒီည ၁၀နာရီ ၂၀ က စပစ်တာ။ အင်းစိန်လမ်းမ BPI ဆေးဝါးစက်ရုံဘက်ကလည်း သေနတ်ပစ်သံ ၁၀ ချက်လောက်ကြားရတယ်” ဟု ပြောဆိုသည်။

ဓာတ်ပုံ- ညပိုင်း ရန်ကုန်မြို့ကို ပတ်ကို ပတ်ပြီး ကင်းလှည့်နေသည့် အကြမ်း ဖက်များ။ (ပုံအဟောင်း အသုံးပြုထားပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article