ရန်ကုန်၊ အောက်တိုဘာ ၂၄
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ၆၂ နှစ်ပြည့် အခမ်းအနား အကြိုရက် စတိတ်ရှိုးပွဲကို အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ကချင်ပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲပြီး ဘုံရန်သူကို စည်းလုံးညီညွတ်စွာ တွန်းလှန်တိုက်ခိုက်ချေမှုန်းသုတ်သင်ကြရမည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသရှိ ဒုတိယဗိုလ်မှူးကြီးစောစလုံး ဦးဆောင်သော ဆင်ဖြူစစ်ကြောင်း (ပြည်သူ့ကာကွယ်ရေးတပ်မတော်) က ယနေ့ ထုတ်ပြန်သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာအုပ်စု အနန့်ပါဒေသတွင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၃ ရက် ည ၈ နာရီခွဲ၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကချင်အနုပညာရှင်များ၊ ပြည်သူများနှင့် KIA အရာရှိ အချို့အပါအဝင် လူ ၁၀၀ ဝန်းကျင် သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီသည် ရင်ဆိုင်တိုက်ပွဲများတွင် ပြည်သူကို အလေးမထားဘဲ သာသနာ့အဆောက်အဦးများပါမကျန် ကျေးရွာများအတွင်းသို့ လေကြောင်းမှ တိုက်ခိုက်နေသည့် ဘုံရန်သူ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်ကို စည်းလုံးညီညွတ်စွာ တွန်းလှန်မှုက မတရားအာဏာသိမ်းယူထားသော စစ်ကောင်စီကို လုံးဝ ချုပ်ငြိမ်းစေမှာ ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစလုံးက ထုတ်ပြန်ထားသည်။
စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် အကြမ်းဖက် စစ်အာဏာရှင် လုံးဝ ချုပ်ငြိမ်းရေးအတွက် ဆင်ဖြူစစ်ကြောင်းသည် ပြည်သူနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဒုတိယဗိုလ်မှူးကြီး စောစလုံးက လက်မှတ်ထိုး ထုတ်ပြန်သည်။