27 C
Yangon

ဖားကန့် KIO အခမ်းအနား ဗုံးကျဲမှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုအပေါ် စစ်ကောင်စီ တာဝန်ယူရမယ်လို့ အမေရိကန်နဲ့ EUအဖွဲ့ဝင်နိုင်ငံ တွေက သတိပေး၊ ကုလသမဂ္ဂက စိုးရိမ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်လူထုစုဝေးမှုတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားရပြီး မြန်မာနိုင်ငံတွင်းနဲ့ ဒေသတွင်းကြုံတွေ့နေရတဲ့ အကျပ်အတည်း၊ မတည်ငြိမ်မှုတွေအတွက် စစ်အာဏာရှင်အဖွဲ့အစည်းမှ တာဝန်ရှိတယ်လို့ အမေရိကန်နဲ့ EUအဖွဲ့ဝင် နိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေက ဒီကနေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဖားကန့်ဒေသက ဗုံးကြဲတိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရမယ့် ၎င်းတို့ရဲ့တာဝန်ဝတ္တရားကို အလေးမထားကြောင်း အထင်အရှားပြသနေတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အဆင်အခြင်မဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်တာ၊ အတိဒုက္ခခံစားရတာတွေ နိုင်ငံတဝန်းဖြစ်ပေါ်နေပြီး ဒါတွေဟာ စစ်အာဏာရှင်တွေမှာ တာဝန်ရှိတယ်လို့ သံရုံးတွေရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

အခုထုတ်ပြန်ချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ(EU)သံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသံရုံးတွေဖြစ်ကြတဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေကမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ သံရုံးအကြီးအကဲတွေက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မနေ့က(အောက်တိုဘာလ၂၃ရက်) ည ၈ နာရီ ၄၀ မိနစ်အချိန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ တေးဂီတ ဖျော်ဖြေပွဲအခမ်းအနားကျင်းပနေသည့်အပေါ် ဗုံးကျဲချခဲ့လို့ အရပ်သားပြည်သူတွေအပါအဝင် အများအပြားသေဆုံးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဘက်ကတော့ စိုးရိမ်တယ်ဆိုပြီး ထပ်မံ ထုတ်ပြန်လာပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီလို့ တောင် နာမည်တပ်ဖော်ပြတာမရှိဘဲ လုံခြုံရေးတပ်များရဲ့ အင်အားအလွန်အကျွံ့ အသုံးပြုမှုအတွက် တာဝန်ခံရမယ်လို့ ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article