ရန်ကုန်၊ အောက်တိုဘာ ၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာတွင် အရပ်သားများကို စစ်လေယာဉ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုဖြစ်ပြီး စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရေး တော်လှန်ရေးအင်အားစုများနှင့် အတူ တိုက်ပွဲဝင်မည်ဖြစ် ကြောင်း KNU က ယနေ့ သဘောထားကြေညာချက် ထုတ်ပြန်သည်။
ဖားကန့် ၊အနန့်ပါကျေးရွာတွင် ပြုလုပ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အကြို တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက တိုက် လေယာဉ် ၃ စီးဖြင့် အောက်တိုဘာလ ၂၃ ရက် ညတွင် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၈၀ ထက်မနည်း သေဆုံးခဲ့ရသည်။
စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း၊ ကျူးလွန်ခံရသည့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှု ရရှိရေးကို တောင်းဆိုကြောင်း ၊ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်သားပြည်သူ လူထုများ ဟူ၍ ခွဲခြားမှုမရှိဘဲ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း KNU က သဘောထားကြေညာထားသည်။
နိုင်ငံတကာအစိုးရများ၊ တရားရေးဆိုင်ရာ အဖွဲ့များအနေဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်သူ အာဏာသိမ်းစစ်ကောင်စီကို တာဝန်သိစွာ အပြစ်ပေးအရေးယူရန် လိုကြောင်း ၊ ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကချင်ပြည်သူလူထုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပြီး အပြစ်မဲ့ အရပ် သားပြည်သူများကို တတ် စွမ်း သ၍ အကာကွယ်ပေးမှုများ ဆထက်ထမ်းပိုး လုပ်ဆောင်မည်ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူ တိုက်ပွဲဝင်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံးKNU က ယနေ့ တရားဝင် ကြေညာသည်။