ရန်ကုန်၊ အောက်တိုဘာ ၂၉
အာဆီယံနှင့် NUG ၊ NUCC တို့ ညှိနှိုင်းဆွေးနွေးရေး၊ NUG က အဆိုပြုထားသည့် လူသားချင်းစာနာထောက်မှု အကူ အညီ ဖိုရမ်ကျင်းပရေး တို့ကို မလေးရှားအစိုးရက အာဆီယံနိုင်ငံခြားဝန်ကြီးများ၏ မြန်မာ့အရေး အထူး အစည်း အဝေးတွင် အဆိုပြုတင်ပြလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါအတိုင်း တင်ပြ ဆွေးနွေး အဆိုပြုခဲ့ခြင်းဖြစ်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဂျကာတာရှိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအစား ဒုဝန်ကြီးက တက်ရောက်ခဲ့ကြောင်း ၊ အထူးအစည်းအဝေးအတွင်း မလေးရှားနိုင်ငံသည် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ရှင်းလင်းပြတ်သားသော ဘောင် သတ်မှတ်ချက်ထားရှိရန်၊ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရေးအတွက် မူဘောင်တစ်ရပ်ကို ချမှတ်သင့်သည်ဟု မလေးရှားက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အာဆီယံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့် ဆက်ဆံရေးထူထောင်ရန် မလေးရှားက အကြံပြုသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းအားထုတ်မှုများ တိုးတက်စေရန်အတွက် အာဆီယံသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတွင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန်အတွက် NUGက အဆိုပြုထားသည့် Inclusive Humanitarian Funding Forum ကို ထည့်သွင်းစဉ်းစားရန် အာဆီယံကို မလေးရှားအစိုးရက အကြံပြုသည်။
လာမည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖနွမ်းပင်၌ ကျင်းပရန် စီစဉ်ထားသည့် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးတွင် မလေးရှား အပါအဝင် အာဆီယံနိုင်ငံများ၏ တင်ပြချက်များကို ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။