25 C
Yangon

နမ့်စန်တွင် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်၏ အမိန့်ဖြင့် လောင်း ကစားရုံ၊ ပြည့်တန်ဆာခန်းများ အပါအဝင် တရားမဝင် လုပ်ငန်းများ ခွင့်ပြု၊ ၇၁ လေယာဉ်အုပ်မှူး ဒုဗိုလ်မှူးကြီးပြည့်ဖြိုးလည်း စီးပွားရေး သောင်းကျန်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်၊ တောင်ပိုင်း နမ့်စန်မြို့တွင် တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၏ အမိန့်ဖြင့် လောင်းကစားရုံ၊ KTV အမည်ခံ ဖာခန်းများ အပါအဝင် တရားမဝင်လုပ်ငန်းများအားလုံးကို လာဘ်ငွေယူ ခွင့်ပြုလျက်ရှိကြောင်း နမ့်စန်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နမ်စန်မြို့ တပ်နယ်မှူးကြီး ဗိုလ်မှူးချုပ်ကျော်သက်နိုင်သည် အရက်သေစာအလွန်အကျွန်သောက်သုံးပြီး လာဘ်ပေး လာဘ်ယူ အကြီးအကျယ် လုပ်ဆောင်နေသူဖြစ်ကြောင်း၊ စစ်တပ်က အာဏာသိမ်းပြီးနောက် နမ့်စန်မြို့ထဲတွင်လောင်းကစားဝိုင်းများ တရားဝင်ဖွင့်ခွင့်ပေးခြင်း၊ KTV( ခေါ်) အနှိပ်ခန်း၊ ဖာခန်းများ ဖွင့်ခွင့်ပေးခြင်း ၊ လောင်းကစားရုံများကို လစဥ်ကြေးယူကာ တရားဝင်ဖွင့်ခွင့်ပေးထားသောကြောင့် ခိုးဆိုးလုယက် ကဲ့သို့သော ရာဇဝတ်မှုများ ပိုများပြားလာခြင်း များဖြစ်ပေါ်နေကြောင်း ပြည်သူများက ပြောသည်။

” တပ်နယ်မှူးဟာဆိုရင် သူပိုက်ဆံရရင်ပြီးရော တခြားသူများအပေါ် လှည့်မကြည့်ခြင်း တစ်နေကုန်အရက်သေစာသောက်စားကာ ယစ်မူးနေတယ်။ ဂိတ်တွေမှာလည်း တရားမဝင် သစ်ကား ၊ နွားကား၊ မူးယစ်ဆေးကား များအားလုံးကို တပ်နယ်မှူးအမိန့်ဖြင့် လွှတ်ထားပေးပါတယ်။ နမ့်စန်မှာ ရာဇဝတ်မှုတွေ ခိုးဆိုးလုယက်တွေက ပေါသ ထက်ပေါလာတယ်။ တပ်နယ်မှူးက သူပိုက်ဆံရ ပြီးရော ကျန်တာထည့်မတွက်ဘူး။ အရက်က နေ့ရော ညရော အသားကုန်မူးနေတာ။ တပ်နယ်မှူးက ဟိုတယ်၊ စားသောက်ဆိုင်တို့ မှာ စိတ် တိုင်းကျ အခမဲ့ စားသောက်ပျော်ပါးတယ်” ဟု နမ့်စန်ဒေသခံတစ်ဦးက ဆိုသည်။

တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၏ လက်အောက်ရှိ နမ့်စန်လေတပ်မှ အမှတ် ၇၁ တိုက်ခိုက်ရေးလေယာဉ်အုပ်စု၏ အုပ်မှူးဒုတိယဗိုလ်မှူးကြီးပြည့်ဖြိုးနှင့် ဇနီး ဒေါ်သင်းတို့ကလည်း နမ့်စန် တပ်တွင်း ဖိနှိပ်မှုများ ရှိခြင်း၊ နမ့်စန် မြို့တွင်ပင် စီးပွားရေးသောင်းကျန်းမှုများရှိနေခြင်းတို့ကြောင့် ဒေသခံ ပြည်သူများကို များစွာ ဒုက္ခပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

” အုပ်မှူးကတော့ တပ်ပိုင်ပစ္စည်းများ ခိုးရောင်းတယ်။ တပ်တွင်းလမ်း သံပိုက်လုံးများတွေကို တူးဖော်ပြီး သံတိုသံစ စျေးနဲ့ရောင်းတယ်။ တပ်တွင်းမူကြိုကျောင်းခြံစည်းရိုးကို ကျယ်နေတယ်ဆိုပြီး သံပြားပေါက်တွေကို ဖြုတ်ပြီး ရောင်းစားတယ်။ တပ်တွင်းမော်တော်ယဥ် ဌာနရှိ သံထည်ပစ္စည်းတွေကို ရောင်းစားတယ်။ တပ်တွင်းနေရာတိုင်းရှိ သူမြင်သမျှ သံထည်ပစ္စည်းအားလုံးကို ရောင်းစားတယ်။ တပ်မှာသုံးဖို့ ထုတ်ပေးထားတဲ့ ဆီမှန်သမျှ အကုန်ရောင်းစားတယ်။ မိသားစုရိက္ခာ တစ်လ ဆန်၁၀ပြည်ပေးရမယ့်အစားဆန်၈ပြည်သာပေးခြင်း၊ဆီ ၇၀သားပေးရမယ့်အစား ဆီ၅၀သားသာပေးခြင်း ၊ ပိုလျှံသောဆန်များအားလုံးကို အုပ်မှူးပိုင် စီးပွားဖြစ်မွေးထားသောဝက်တွေကို ကျွေးတယ်။ သီတင်းကျွတ်ပွဲတော်ရက်အတွင်း တပ်တွင်းမော်တော်ယဥ် ဌာနရှိ မော်တော်ကား ၃စီး မီးလောင်မှုဖြစ်တယ်။ အဲဒါ အထက်ကို မတင်ဘဲ ရဲဘော်တွေကို အချိုးကျ ကျခံခိုင်းတယ်။ တပ်ထဲ လူဆိုးသူခိုးအကုန် လက်သတ်မွေးတယ်။ တပ်ထဲ ဖိနှိပ်မှုအပြင် အုပ်မှူးပြည့်ဖြိုးက တပ်နဲ့ ပြည်သူတွေကို အမြဲ မအေနှမကိုင်တုပ်ဆဲတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်နှင့် ၇၁ အုပ်မှူး ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးတို့က နမ့်စန်တွင် PDF မရှိရေးကိုသာ အဓိက အာရုံစိုက်ပြီး ကျန်တာ အားလုံး လုပ်ခွင့်ပြုနေသည့် နောက်ဆက်တွဲ မြို့သူမြို့သားများအတွက် လုံခြုံမှုမရှိတော့ဘဲ လောင်းကစားများနှင့်ဒုစရိုက်မြို့တော်အဖြစ် အသွင်ပြောင်းလာနေကြောင်း၊ မင်းအောင်လှိုင်နှင့်ထိပ်ပိုင်း စစ်ခေါင်းဆောင်များက အခြေအနေကို သိရှိသော် လည်း ၎င်းတို့ကိုယ်တိုင် လိုလိုလားလား ခွင့်ပြုထားသည့် သဘောရှိနေကြောင်း၊ နမ့်စန်တွင် လက်နက်ကိုင်အဖွဲ့အစည်းများပြားသဖြင့် သေနတ်သံမကြားရေးအတွက် အဓိက လုပ်ဆောင်နေသည့်သဘောရှိသည်ဟု မြို့ခံများက ဆိုကြသည်။

ဓာတ်ပုံ- နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article