30 C
Yangon

စစ်ကောင်စီက သေဒဏ်ချမှတ် စီရင်မှုတွေကို နိုင်ငံရေးလက်နက်အဖြစ် တွင်တွင်ကျယ်ကျယ် သုံး တော့မလား

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်မှုတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေး အရွေ့ကို ဖြိုခွင်းဖို့ နိုင်ငံရေးလက်နက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြု လာနေပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးနဲ့ လူငယ် ၃ ဦးကို အကြမ်း ဖက်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သေဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အဲဒီနေ့ တစ်နေ့တည်းမှာ သေဒဏ်ချမှတ်မှု စုစုပေါင်း ၁၇ မှုရှိခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်တဲ့ မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင် မောင်၊ မောင်ဇော်လင်း နိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင် သက် ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့မှာပါဝင်တယ် ဆိုတဲ့ စွပ်စွဲမှု ၊ အခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံ တောင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး ခဲ့မှုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် မေလ ၂၄ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင် သန်းကို ပစ်ခတ်သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံ၊ မောင်သူ ထူးအောင်တို့ကို မြောက်ဒဂုံမြို့ နယ်စစ်ခုံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးလုံးရော ၊ လူငယ် ၃ ဦးလုံးရော တရားခွင်မှာ ရှေ့နေငှားရမ်းခွင့်၊ ခုခံချေပခွင့် မရခဲ့တဲ့အ‌ပြင် သေဒဏ်ချမှတ်ပြီးချိန်မှာလည်း ဘယ်လိုတွေ ဆက်ဖြစ် လာ မလဲဆိုတာ မိသားစုတွေက စိုးရိမ်ပူပန်နေကြပါတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားလူငယ်တွေရဲ့ မိသားစုဝင်တချို့တွေလည်း စစ်တပ်နဲ့ ရဲတွေဘက်က လာရောက် မေးမြန်းတာတွေ လုပ်လာလို့ လုံခြုံရေး စိုးရိမ်ပြီး ထွက်ပြေးတိမ်း‌ ရှောင်မှုတွေပါ ရှိလာနေတာပါ။

“သေဒဏ်ချတာတောင် သူများပြောမှ သိပါတယ်။ ရှေ့နေလည်း ငှားခွင့်မရပါဘူး။ အခြား အမှု တွေအတွက်တော့ ရှေ့နေငှားခွင့်ရပေမယ့် အဲဒီသေဒဏ်အပြစ်ပေးမယ့်အမှုအတွက် ရှေ့နေ ငှားခွင့်မရဘူး။ကျမတို့ကတော့ အယူခံတင်ဖို့ လုပ်နေပါတယ်။ စစ်ခုံရုံးဖြစ်လို့ ဘာမှ ချေပခွင့် လည်းမရှိဘူး” လို့ သေဒဏ်ချမှတ်ခံရတဲ့ လူငယ်တစ်ဦးရဲ့ မိခင်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဒီနှစ် ဇူလိုင်လအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ် ချမှတ်ပြီး စီရင်ခဲ့ပါသေးတယ်။ အခုတစ်ခါ ကျောင်းသားလူငယ်တွေကို အစုလိုက် အပြုံလိုက် သေဒဏ်ချမှတ်လာတာလည်းဖြစ်ပါတယ်။

“အခုအချိန်အထိ စစ်အာဏာရှင် တော်လှန်ရေးက ဆက်လက်ပြီး ပေါ်ထွန်းနေတယ်။ တစ်နိုင်ငံလုံးမှာ ရတဲ့ပုံစံမျိုးနဲ့ ဆက်ပြီး တော်လှန်နေကြတယ်။ စစ်တပ်က ဒါကို မနိုင်တော့ အပြစ်မရှိတဲ့ လူငယ်တွေကို သေဒဏ်ချပြီး စစ်တပ်ကို ကြောက်လာအောင်၊ စစ်တပ်ကို ကြောက်ပြီး ငြိမ်သက်သွားအောင် ထပ်ကြိုး စားတာပါ။ နိုင်ငံရေးလက်နက် အဖြစ် သေဒဏ် အပြစ်ပေးစီရင်တာကို သုံးလာလို့မြင်ပါတယ်။ ဒါပေ မယ့် သေဒဏ်စီရင်လေ လူတွေက ပိုမုန်းလေ ပိုပြီးတော့ တွန်းလှန်မှုအားကြီးလေလေပါပဲ” လို့ သေ ဒဏ် ချမှတ်ခံရသူ လူငယ်တစ်ဦးရဲ့ ဆွေမျိုးတစ်ဦးက ဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတက်ခ်က အကြမ်းဖက်စစ်ကောင်စီရဲ့ သေဒဏ်ချမှတ် မှုတွေအပေါ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

စစ်ခုံရုံးက သေဒဏ်ချမှတ်မှု အမှုတွေကို စစ်ဆေးရာမှာ မိနစ်ပိုင်းလောက်သာ စစ်ပြီး ချက်ချင်း သေဒဏ်ပေးခဲ့တာတွေရှိကြောင်း၊ မိသားစုဝင်တွေကိုတောင် အကြောင်းမကြားဘဲ လျှို့ဝှက် စစ်ခုံရုံး ကနေ မျက်ကွယ်သေဒဏ်ချမှတ်မှုတွေ အများအပြားရှိနေကြောင်း ဗော်လ်ကာတက်ခ်က ထုတ်ပြန် ကန့်ကွက်ရှုတ်ချပါတယ်။

လက်ရှိမှာတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားလူငယ်တွေရဲ့ မိသားစု ဝင်တွေက သေဒဏ်ချမှတ်မှုအပေါ် အယူခံဝင်ဖို့ ပြင်ဆင်နေကြပြီး လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့အတွင်းမှာ အယူခံ တင်သွင်းဖို့ ပြင်ဆင်နေကြပါတယ်။

ပြည်တွင်းပြည်ပမှာလည်း စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုနဲ့ စီရင်မှုတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှု တွေကလည်း အရှိန်တက်လာနေပါတယ်။

တိုင်းပြည်ကို လုံး၀ အုပ်ချုပ်လို့မရဘဲ စိတ်ဓာတ်ရေးရာအရ ပြိုလဲနေတဲ့ စစ်ကောင်စီက အပြစ်မဲ့ ကျောင်း သား လူငယ်တွေကို သေဒဏ်စီရင်ခြင်း နိုင်ငံရေးလက်နက်နဲ့ နွေဦးတော်လှန်ရေးကို နှိမ်နင်း ဖြိုခွဲဖို့ ကြိုးစားနေပေမယ့်လည်း စစ်အာဏာရှင် ချေမှုန်းရေး လှိုင်းတွေက ပိုမိုကြီးမားလာ ဖို့ပဲရှိ နေပါ တယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article