30 C
Yangon

ပုသိမ်အကျဉ်းထောင်ညွှန်မှူး ဇော်စစ်အောင်က အရက်မူးပြီး နိုင်ငံရေးအကျဉ်း သားများကို အကြောင်းမဲ့ ရိုက်နှက် ၊ ဖျာပုံထောင်မှာလည်း နိုင်ငံရေး အကျဉ်း သား များ ကို ညှဉ်းပန်းနှိပ်စက်နေ

Must read

ရန်ကုန် ဒီဇင်ဘာ ၇

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းထောင်ညွှန်ကြားရေးမှူး ဇော်စစ်အောင်က နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ခေါ်၍ ရိုက်နှက် နှိပ်စက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်နေပြီး ဒီဇင်ဘာ ၆ ရက်နေ့ညတွင်လည်း နိုင်ငံရေးအကျဉ်းသားကိုသူရိန်လင်းကို အကြောင်းမဲ့ ခေါ်ရိုက်ခဲ့ကြောင်း အကျဉ်း ထောင်သတင်းရပ်ကွက်က ပြောသည်။

“ဇော်စစ်အောင်က မူးပြီး ထောင်ကို ခဏ ခဏလာတတ်တယ်။ နိုင်ငံရေးသမား တွေကို ဘောင်မဝင်တဲ့ စကားတွေပြောပြီး ဟိုလူ့ဆဲသလို ဒီလူ့ဆဲသလိုလိုနဲ့ ညဘက် ရောက်ရောက်လာတတ်တယ်။ ညကလည်း နိုင်ငံရေးအကျဉ်း သား သူရိန်လင်းကို ခေါ်ရိုက်တယ်။ ဘာကြောင့်မှန်း မသိ ခဏခဏ အဲလိုပဲ ခေါ်ရိုက် လို့ မကြာသေးခင်က ပြဿနာ တက်ကြသေးတယ်။ အဲ့ကောင်ရော ထောင်ပိုင် ရောက နောက်မဖြစ်စေရပါဘူးဆိုပြီး ဆန္ဒပြကြတဲ့ နိုင်ငံရေးအကျဉ်းသား တွေ ကို ကတိပေးသွားတယ်” ဟု နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို နောက်မဖြစ်စေရန် ကတိပေးပြီးမှ ဒီဇင်ဘာ ၆ ရက်နေ့ ညတွင် နိုင်ငံရေးအကျဉ်းသား ကိုသူရိန်လင်းကို ထပ်မံ ရိုက်နှက်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ထောင်တွင်းတွင် နိုင်ငံရေးသမား အကျဉ်းသား၊ အချုပ်သားများက မကျေမနပ်နေကြကြောင်း၊ အကျဉ်း ထောင်ရှေ့တွင်မူ စစ်သားများ၊ ရဲသားများ ထောင်ဗူးဝပေါ်တွင်ပါ သေနတ်များနှင့် အဆင့်သင့် ပြင်ကာ ခြိမ်းခြောက်နေကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

ဖျာပုံအကျဉ်းထောင်အတွင်းတွင်လည်း ထောင်ပိုင်ဖြစ်သူ ဇော်ထွန်းဦးက နိုင်ငံရေး အချုပ်သားကိုစံလင်းစံ(ခ) ဖိုးသားကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် နေ့လယ်အိပ်ဆောင်ပိတ်ချိန်တွင် ထောင်ဘူးထဲတွင် သီးသန့်ခေါ်၍ ရိုက်နှက် ခြင်း၊ ကန်ကျောက်ခြင်း၊ ကျင်စက်ဖြင့် တို့ခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်း သား နဖူးကွဲဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နှိပ်စက်ခြင်း ခံရသည့် နိုင်ငံရေးအချုပ်သားမှာ စံလင်းစံ (ခ) ဖိုးသား ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် အကျဉ်း ထောင်အတွင်း အကျဉ်းသားတစ်ဦးနှင့် အချင်းများခဲ့ပြီး တာဝန်ရှိ အိပ်ဆောင်မှူးမှ နှစ်ဦးနှစ်ဖက် ကျေနပ်အောင် ညှိနှိုင်းပြီးသော်လည်း နိုင်ငံရေးအချုပ်သားကို သီးသန့်ခေါ်ကာ ထောင်ပိုင်မှ မတရားဖိနှိပ် နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း ဖျာပုံအကျဉ်းထောင်နှင့် နီးစပ်သူ များထံမှ သိရှိရသည်။

ထိုပြင် ဖျာပုံအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား/ အချုပ်သားများနှင့် အခြားအကျဉ်းသား/အချုပ်သားများကို အကျဉ်းထောင်လက်စွဲဥပဒေကို သွေ ဖယ်၍ သွေးထွက်သံယိုဖြစ်သည်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ဆဲဆိုခြင်းများ၊ အကျဉ်းသား/အချုပ်သားများအားလုံး ခံစားရရှိထိုက်သည့် အစားအသောက်များကို နိုင်ငံတော်မှ ခွင့်ပြုထားသည့် အချိုးအစား ပုံစံများ အတိုင်း တိကျစွာ ‌မကျွေးမွေးခြင်းများကိုလည်း ကျူးလွန်နေကြောင်း ထောင် တွင်းမှ သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများကို တနင်္ဂနွေနေ့ပါအပါအဝင် “လုပ်အား ပေး” ခေါင်းစဉ် တပ်၍ အလုပ်ကြမ်းများကို ‌နားရက်မရှိ ထောင်တွင်း‌ ထောင်ပြင် ခိုင်းစေခြင်းများ လုပ်ဆောင်နေပြီး ထောင်ဆေးခန်းတွင် ဆေးဝါးများ ပြည့်စုံ လုံလောက်မှုု မရှိခြင်း၊ ထိရောက်သည့် ကုသမှုများလည်း မပေးနိုင် သည့် အတွက် ကျန်းမာရေးမကောင်းသည့် အကျဉ်းသား/အချုပ်သားများ အသက် ဆုံးရှုံး ရမှုများရှိကြောင်း သိရှိရသည်။

ထောင်ပိုင် ဇော်ထွန်းဦသည် အာဏာနှင့် လုပ်ပိုင်ခွင့်ကို တလွဲအသုံးချ၍
လက်အောက် ခံဝန်ထမ်းများ၊ အကျဉ်းသား/အချုပ်သားမျာိးကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ မတရားဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထိုသို့ မတရားဖိနှိပ်မှုများအတွက် ‌ဖျာပုံအကျဉ်းထောင်တာဝန်ခံအရာရှိ (ထောင်ပိုင်) ဇော်ထွန်းဦးကို အကျဉ်းသား/အချုပ်သားများက ‌အကြီးအကဲ ထောင်ပိုင်အနေနှင့် လုံးဝ အသိအမှတ်မပြုနိုင်ကြောင်းနှင့် နိုဝင်ဘာ ၁၄ ရက်နေ့ တွင် ထောင်ပိုင်တန်းစီခြင်း ကို မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ သပိတ်မှောက်ခဲ့ ကြောင်း သိရှိရသည်။

ဖျာပုံအကျဉ်းထောင်အတွင်း မတရားဖိနှိပ်မှုများအတွက် တာဝန်ရှိ အဖွဲ့အစည်း များ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာဒုက္ခသည် များဆိုင် ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်း (ICRC) ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) တို့ကို လာရောက် ကြားနာ၍ အရေး ယူဖြေရှင်းပေးရန် ဖျာပုံအကျဉ်းသား/အချုပ် သားများက တောင်းဆိုကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- အင်းစိန်ထောင်မှ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသော အကျဉ်းသားတချို့။

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article