30 C
Yangon

မင်းတုန်းတွင် စစ်တပ်သတင်းပေးသတ်ဖြတ်ခံရမှုကို လာစစ်သည့် စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ၊ ကန့်ဘလူတွင်လည်း စစ်ယာဉ်တန်းကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ လက်ပွကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီသတင်းပေး စိုးငြိမ်း ပစ်သတ်ခံ ရမှုကိုလာ ရောက်စစ်ဆေးသည့် အကြမ်းဖက် စစ်ကားကို မိုင်းဆွဲ တိုက် ခိုက် ခဲ့ကြောင်း Eagle Force ထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီသတင်းပေး စိုးငြိမ်း၏ သတင်းပေးမှုကြောင့် ဩဂုတ် လ ၂၉ ရက်နေ့က Eagle Force တပ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ ကာ ကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးကာ လက်ပွကျေးရွာ သားတစ်ဦးကိုလည်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ လက်ပွကျေးရွာနှင့် မှိုက်ကျေးရွာသား ၄၀ ကျော်ကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီး နှိပ်စက် ကာ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် သတင်းပေးစိုးငြိမ်းကို ဒီဇင်ဘာလ ၁၅ ရက် နံနက် ၇ နာရီခန့်တွင် သရက်၊ ကံမ၊ မင်းတုန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် Eagle Force တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ စစ်သား၊ ရဲ ၁၀ ဦးခန့် ဖြင့် လာရောက်စစ်ဆေး သည့် အကြမ်းဖက်စစ်ကားကို နံနက် ၁၀ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း Eagle Force အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Ko Myat က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားပျက်စီးသွားပြီး အကြမ်းဖက်စစ်သား၊ ရဲများများ ထိခိုက်သေဆုံးမှုရှိနိုင် သော်လည်း အတိအကျမသိရသေးကြောင်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း သရက်မြို့တောင်ဘက် မြို့အဝင်ဂိတ်အနီးရှိ သရက် ကပစ ၁၂ သို့ သွယ်တန်းထားသော လျှပ်စစ်တာဝါတိုင်ကို အဝေးထိန်းမိုင်း တစ်လုံးဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူတွင် လမ်းမတန်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးယာဉ်တစ်စီးနှင့် ၆ ဘီးယာဉ်တစ်စီးကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီ ခွဲအချိန် RPG ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dynamite Emperor အဖွဲ့က ရန်ကုန် ခေတ်သစ်သို့ပြောကြားသည်။

ထိုသို့တိုက်ခိုက်စဉ် RPG ဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက် ထိခိုက် ကျဆုံးမှု များ(စိစစ်ဆဲ)ရှိခဲ့ပြီး ကားအတွင်း အကြမ်းဖက်စစ်ကောင်စီဝင် တစ်ဦး ကိုလည်း မဟာမိတ်အဖွဲ့စနိုက်ပါက ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း Dynamite Emperor အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် Dynamite Emperor အဖွဲ့မှ ရဲဘော်မှာ စစ်ကောင်စီကားကို ထိမှန်အောင် ပစ်ခတ်နိုင် သော်လည်း RPG ပြောင်းကွဲ၍ ဘယ်ဘက်လက်ကောက် ဝတ်ပြတ် ထွက်၍ မျက်နှာတစ်ခြမ်းစုတ်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိ သည့် RPG ပစ် တော်လှန်ရေး ရဲဘော် ကို အကြမ်းဖက်စစ်ကောင်စီ များပြန် လည် ပစ်ခတ်သည့်ကြားမှ ကယ်ထုတ်၍ လုံခြုံရာတွင် ဆေးကုသမှု ခံယူနိုင်ရန် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း Dynamite Emperor က ဆိုသည်။

Photo – မင်းတုန်းမြို့တွင် သတင်းပေးအသတ်ခံရမှုကိုလာရောက်စစ်ဆေးစဉ် မိုင်းဆွဲခံရသည့် စစ်သားများ တင်ဆောင်လာသော ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article