36 C
Yangon

ကန့်ဘလူမြို့နယ်၊ ကြံ့ဖွတ်ပါတီဝင်များ ကြီးစိုးသည့် ငါးမြောင်ရွာတွင် NLD ထောက်ခံသူ မိသားစုဝင် ၈ ဦး အသတ်ခံရပြီး ၄ နှစ်သား အပါအဝင် ကလေး ၃ ဦးပါ အသက်ဆုံးရှုံး၊ အလောင်းကောက်မည့်သူမရှိဘဲ ဖြစ်နေ

Must read

ကန့်ဘလူမြို့နယ်၊ ကြံ့ဖွတ်ပါတီဝင်များ ကြီးစိုးသည့် ငါးမြောင်ရွာတွင် NLD ထောက်ခံသူ မိသားစုဝင် ၈ ဦး အသတ်ခံရပြီး ၄ နှစ်သား အပါအဝင် ကလေး ၃ ဦးပါ အသက်ဆုံးရှုံး၊ အလောင်းကောက်မည့်သူမရှိဘဲ ဖြစ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် NLD ပါတီကို ထောက် ခံသည့် မိသားစုဝင် ၈ ဦး အသတ်ခံရပြီး အသက် အငယ်ဆုံး ၄ နှစ်ကလေး အပါ အဝင် ကလေး ၃ ဦးပါ အသတ်ခံရသူများတွင် ပါဝင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် အသက် ၄ နှစ်အရွယ် ကလေး အပါအဝင် ကလေး ၃ ဦး၊ လူကြီး ၅ ဦး စုစုပေါင်း မိသားစုဝင် ၈ ဦးကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၆ နာရီတွင် အသတ်ခံထားရသည့် အလောင်းများ တွေ့ရှိရကြောင်း၊ ကျေးရွာမှာ ကြံ့ဖွတ်ပါတီဝင်များ စိုးမိုးထားသည့်ရွာဖြစ်၍ မည်သူကမှ အလောင်းကောက်ရန် မသွားရဲကြကြောင်း သိရှိရသည်။

“အသတ်ခံရတာက ဦးလှိုင်ကြီး၊ ဒေါ်မဲညွှန့်၊ မနှင်းမြလှိုင်၊ နှင်းမြခိုင်၊ ကိုမျိုးဝင်း၊ ကလေး ၃ ဦး သေသွားတာ။ အငယ်ဆုံးက ၄ နှစ်သားလေး ပါ အသတ်ခံရတာ။ သတ်သွားတာက မနေ့ညကတည်းက ။ သူတို့ရွာမှာ တစ်ရွာလုံးကြံ့ခိုင်ရေးပါတီ ဝင်တွေ၊ သူတို့မိသားစုပဲ NLD ထောက်ခံသူတွေ၊ NLD ရွေးကောက်ပွဲကာလတုန်းက မဲဆွယ်လိုက်တာတို့ ဘာတို့ရှိတာပေါ့။ မနှင်းမြခိုင်တို့ ကိုမျိုးခိုင် ထန်းတပင်ရွာ ကွက်သစ် လမ်းဘေးမှာ နေတာ။ သူတို့နားမှာ လင်မယားနှစ်ယောက် အသတ်ခံရတယ်။ အဲဒါ ကြောက်လို့ဆိုပြီး သူ့မိဘတွေ ရှိတဲ့ ငါးမြောင်ကို ရွှေ့ပြီး လာနေကြတဲ့အချိန်မှာ မိသားစုဝင် ၈ ဦးလုံး အသတ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် အလောင်းကောက်မည့်သူမရှိ၍ အလောင်းများကို ပစ်ထားထားပြီး ဆွေမျိုးဟူ၍လည်း မရှိကြောင်း၊ ကြံ့ဖွတ်ပါတီဝင်များနှင့် ပျူစောထီးများက NLD ပါတီနှင့်ထောက်ခံသူများကို အပြတ်ရှင်းသည့်ပုံစံမျိုး ကန့်ဘလူမြို့နယ်ဘက်တွင် လုပ်ဆောင် လာကြောင်း ဒေသခံများက ပြောဆိုကြသည်။

“မိသားစုဝင် ၈ ဦး အသတ်ခံရတာကို စစ်တပ်နဲ့ရဲက လာရောက်စစ်ဆေး တာမျိုးလည်း မရှိဘူး။ ပတ်ဝန်းကျင်ကလည်း ဒီအတိုင်း ပစ်ထားတဲ့သဘောဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ကန့်ဘလူမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးမှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article