33 C
Yangon

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး မအူပင် အရှေ့ရွာမှ ကိုမြင့်သန်းနှင့် ဦးကံထူးတို့ ၂ ဦးကို စစ်တပ် သတ်ဖြတ် အလောင်းဖျောက်

Must read

ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး မအူပင် အရှေ့ရွာမှ ကိုမြင့်သန်းနှင့် ဦးကံထူးတို့ ၂ ဦးကို စစ်တပ် သတ်ဖြတ် အလောင်းဖျောက်

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်းရှိ မအူပင်အရှေ့ရွာ၊ မအူပင်အနောက်ရွာ၊ စိုင်းဒိုးကျေးရွာတို့ကို စစ်တပ်က ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ် မီးရှို့ အလောင်း ဖျောက်သွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မအူပင်အရှေ့ရွာ၊ မအူပင်အနောက်ရွာ၊ စိုင်းဒိုး ကျေးရွာ ကို မီးရှို့သည့်အပြင် မအူပင်အရှေ့ရွာမှ ကိုမြင့်သန်း ၊ ဦးကံထူး ဆိုသည့် ကျေးရွာသား ၂ ဦးကို သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ထား ခဲ့ကြောင်း သိရှိရသည်။

“ရွှေဘိုကနေလာတဲ့စစ်ကြောင်းက မ‌အူပင်အရှေ့ရွာကို မီးရှို့တယ်။ ရွာသား၂ ဦးကိုလည်း သတ်ပြီး မီးလောင်တဲ့အိမ်ထဲ မီးရှို့ထားခဲ့ကြတယ်။ ကိုမြင့်သန်း အသက်၅၀ကျော်၊ ဦးကံထူးအသက်၆၀ကျော် မီးရှို့သတ်ထားခဲ့တယ်။ မအူပင် အနောက်ရွာကို ထပ်ပြီးမီးရှို့တယ်။ နောက်ပြီး စိုင်ဒိုးရွာကို ထပ်ပြီး မီးရှို့တယ်” ဟု ဒေသပြည်သူကာကွယ်ရေးတပ် ခေါင်းဆောင်ကိုရဲခေါင်ကပြောပါတယ်။

စစ်တပ်၏ မီးရှို့မှု ခံရသည့် မအူပင်အရှေ့ရွာ၊ မအူအနောက်ရွာမှ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး စိုင်ဒိုးရွာအတွင်းတွင်မူ မီးလောင်ဆုံးရှုံးသည့် အိမ်ခြေ အရေအတွက် ကို မသိရှိရသေးဟု သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက်မီးရှို့နေကြောင်း Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန် စိုင်းဒိုးကျေးရွာကို မီးရှို့ခဲ့သော စစ်အင်အား ၂၀၀ ပါ စစ်ကြောင်းက သရက်ပင်ဝန်းကျေးရွာကို ဝင်ရောက်လာကာ နေအိမ်များကို စတင်မီးရှို့နေကြောင်း၊ ဒေသခံရွာသူ၊ ရွာသားများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့က မအူပင်၊ စိုင်ဒိုးရွာတွေကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့တဲ့ မြင်းစီးရွာက ပျူတွေနဲ့ စစ်ခွေး တွေ ဒီမနက် ၇ နာရီ ၄၅ မိနစ်ကစပြီး သရက်ပင်ဝန်းရွာကို မီးရှို့နေပြီ။ တိုက်ပွဲလည်းမရှိပါဘူး၊ မိုင်းဆွဲတာ လည်းမရှိဘူး၊ အဲလိုမတိုက် တော့ မီးမရှို့ဖူးဘဲ ထင်ထားတာ၊ အခုရွာကို မီးရှို့နေပြီ၊ ရွာကတော့ ကုန်ပါပြီ ဗျာ” ဟု Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါကျေးရွာများကို ဝင်ရောက်မီးရှို့နေသော အကြမ်းဖက်စစ်သားများသည် ဒီဇင်ဘာလ ဆန်းပိုင်းမှ စ၍ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်အတွင်း ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည့် မော်လိုက်အခြေစိုက် ခမရ ၃၆၄ တပ်နှင့် မှော်ဘီ အခြေ စိုက် ခလရ ၇၀၁ တပ်တို့ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article