38 C
Yangon

ကနီတွင် စက်လှေ ၁ စီးကို စစ်ရေယာဥ်က ပစ်ခတ်မှု မမာမာဝင်း သေဆုံး၊ ယင်းမာပင်တွင် စစ်တပ် စီးနင်းမှုကြောင့် ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် တိမ်းရှောင်နေရ

Must read

ကနီတွင် စက်လှေ ၁ စီးကို စစ်ရေယာဥ်က ပစ်ခတ်မှု မမာမာဝင်း သေဆုံး၊ ယင်းမာပင်တွင် စစ်တပ် စီးနင်းမှုကြောင့် ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်အကြားတွင် ပြည်သူများ လိုက်ပါသည့် စက်လှေ ၁ စီးကို စစ်တပ်ရေယာဥ် အုပ်စုက ပစ်ခတ်ခဲ့သောကြောင့် မမာမာဝင်း သေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကနီမြို့နယ် ယင်းယိမ်ကျေးရွာတွင် နေထိုင်သည့် မိသားစုတစ်စုသည် ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်သို့ စက်လှေတစ်စီးဖြင့် ပြန်လာစဥ် ကနီမြို့နယ် သပြေတောကျေးရွာအနီးသို့ ရောက်ရှိချိန်၌ အကြမ်းဖက် စစ်တပ် ရေယာဥ်များပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် စက်လှေပေါ်၌ လိုက်ပါလာသည့် မိသားစုထဲမှ နှလုံးရောဂါသည် မမာမာဝင်း နှလုံးဖောက်၍ သေဆုံးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ တပ်စွဲနေထိုင်လျက်ရှိသော သပြေတောကျေးရွာသို့ ပစ်ခတ်ခံရသည့် မိသားစုကိုခေါ်ဆောင်ကာ အထက်သို့ ဆန်မတက်စေဘဲ အောက်သို့ စုန်ဆင်းခိုင်းကြောင်း၊ ယင်း သေဆုံးမှုနှင့် ပတ်သက်၍ အကြမ်းဖက် စစ်အုပ်စုက တာဝန်ယူမှု မရှိကြောင်း၊ သေဆုံးသူ အမျိုးသမီးကို ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် သင်္ဂြိုလ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၇ ရွာကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ ဝင်ရောက် စီးနင်းလျက်ရှိပြီး ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကနီမြို့နယ်ဘက်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းကာ ယင်းမာပင်မြို့နယ်အတွင်း ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျောက်မှော်ကျေးရွာ၊ အင်းဘက်ကျေးရွာ၊ ကြက်လျှာ​ကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ နှောပင်ကျေးရွာ၊ ကျွန်းပေါ်ကျေးရွာ၊ နှုန်းတန်းကျေးရွာ၊ ကျောက်မှော်ကျေးရွာ၊ အင်းဖျားကျေးရွာ ၊စုန်းချောင်းကျေးရွာ၊ အောင်မိုးကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ စည်လှောင်ချောင်းကျေးရွာ၊ မြရိပ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ရွာသာကျေးရွာ၊ ပုပ္ပါကျေးရွာတို့မှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article