30 C
Yangon

မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၄ ဦးသေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံး

Must read

မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၄ ဦးသေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၄ ဦးသေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဆောမြို့တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံး

===========================

မကွေးတိုင်း ​ဆော​မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ကျောက်ထု PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဆောမြို့နယ်

ပေါက်တောကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစစ်တပ်မှ စစ်သားများသည် ဘုရားကုန်း တဝိုက်ကင်းပုန်းချနေစဥ် ဂန့်ဂေါခရိုင် တပ်ရင်း ၈ ၊ ၉ ၊ ဆော PDF တပ်ရင်း ၂ (YRPA)၊ ပကဖ ပူးပေါင်းအဖွဲ့တို့နှင့် ၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သားများ ထိခိုက်ကျဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆောမြို့နယ် ပေါက်တောကျေးရွာမှ ထွက်ခွာလာပြီး ဆောမြို့နယ် ကွမ်းခင်းကျေးရွာသို့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်လာသော စစ်သား ၇၄ ဦးကို ဂန့်ဂေါခရိုင်တပ်ရင်း ၈ မှ ကွမ်းခင်းကျေးရွာအတွင်းအသင့် ထောင်ထားသော ပဒေသာမိုင်း အလုံး ၅၀ ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဆောမြို့နယ် ကျောက်ထုဒေသ ကွမ်းခင်းကျေးရွာတွင် တပ်စွဲထားသော မိုင်းထိမှန်ပြီး အထိနာနေသည့် စစ်သား ၆၄ ဦးကို ဂန့်ဂေါခရိုင် တပ်ရင်း အမှတ် ၄၊ ၅၊ ၈၊ ၉နှင့် ဆော PDF တပ်ရင်း ၂ (YRPA) ပူးပေါင်းကာ နံနက် ၆ နာရီမှ ၇ နာရီ ၃၀ မိနစ်ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ခလရ ၂၇၄ တပ်ရင်းမှ ထိုးစစ်ဆင်လာသော စခ အင်အား ၁၀၇ ဦးခန့်မှ စစ်သား ၁ ဦးသည် ဂန့်ဂေါခရိုင်တပ်ရင်း ၈ တပ်ဖွဲ့ဝင်များ ကင်းပုန်းဝတ်နေသည့် နေရာသို့ ရောက်ရှိလာသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး စစ်သား သေဆုံးကာ MA – 1 သေနတိ ၁ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အရာတော်တွင် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

================================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သစ်ကျင်းကြီးကျေးရွာရှိ အကြမ်းဖက်စစ်သားအနည်းငယ်နှင့်ဒေသခံရွာသားပျူစောထီး ၆၀ ခန့်ဖြင့်စခန်း တည်ဆောက်တပ်စွဲ သော မုံရွာ-သာစည်-ရွှေဘိုလမ်းပေါ်ရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး အမြောက်အများ ကြဲချခဲ့ရာ ၃ လုံးမှာ ပျူစောထီးများထမင်း စားပြီး နာနေသည့် အုပ်စုအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပျူစောထီး ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ကြဲချခဲ့တာကများတယ်၊ ၃ လုံးက သေချာထိမှန်ခဲ့တာ၊ ထမင်းစားပြီးချိန် စုထိုင်နေတုန်း ကြဲချခဲ့တာ၊ ခွေးတွေရှိတဲ့ တဲပေါက်ဝနားကို သေချာကျတာ၊ ဗုံးကြဲလိုက်တိုင်းလက်နက်ငယ်တွေနဲ့ရမ်းသမ်း ပစ်ခတ်တာတော့ရှိတယ်၊ သူတို့ပစ်သံတွေ အဝေးကနေကြားနေရတယ်” ဟု Ngwe Dwin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၁ ၊ တပ်ခွဲ ၂ Ngwe Dwin Revolution Force ၊ MRTF ၊ သပြေညိုတပ်ဖွဲ့၊ မိုးမင်းသားတပ်ဖွဲ့နှင့် Danger Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဘိုတွင် တိုက်ပွဲဖြစ်ပွားပြီး PDF ၃ ဦးကျဆုံး

================================

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နေ့လည် ၁ နာရီ ခန့် က တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်း Black Wolf Army ထံမှ သိရသည်။

ရွှေဘိုမြို့မှ ဘုန်းဘွဲ့ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို Black Wolf Army တပ်ဖွဲ့မှ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော် ပိုင်ကြီး(တပ်စုမှူး) ၊ ရဲဘော်ခန့်သီဟ (Fundrising and Photographer) ၊ ရဲဘော် ဝင်းစိုးတို့ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦး သေဆုံး

========================

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောကြီးမြွေပွေး PDF တပ်ဖွဲ့ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် မြွေမြစ်ရိုးကျေးရွာမှ ဇီးကုန်းကျေးရွာသို့ ကူးသန်းသွားလာသည့် အကြမ်းဖက်စစ်ကြောင်းကို စနိုက်ပါဖြင့် တိုက်ခိုက်ပြီး အကြမ်းဖက် စစ်တပ်မှ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ကောက်ရိုးပုံကျေး ရွာမှ မြွေမြစ်ရိုးကျေးရွာသို့ လာသည့် စစ်ကား ၂ စီးကိုလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ထိခိုက်သေဆုံးသူ ရှိမရှိ အတည် မပြုနိုင်သေးကြောင်း သိရသည်။

ရေစကြို၊ ပခန်းငယ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

============================

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းကို PDF တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပခန်းငယ်ရဲစခန်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်အခြေအနေမသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိန်း ၈၀ တန်တန်ဖိုးရှိ ဒရုန်းတစ်စီးပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ့ကာကွယ် ရေးရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မတ္တရာတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

===========================

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် တပ်စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးကြောင်း နတ်ဆိုး​ မြေအောက်တော်လှန်ရေး တပ်ဖွဲ့မှ ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော ကင်းကျေးရွာရှိ နေရာ ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article