ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တည်ပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။
တည်ပင်ရွာသည် ရက်ကန်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ လက်ရက်ကန်းရုံများနှင့် စက်ရက်ကန်းရုံများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
” စစ်သားတွေက စပါးတွေလည်း မီးရှို့ဖျက်ဆီးသွားတယ်။
ရွာကလူတွေလည်း နေစရာ စားစရာမရှိတော့ပါဘူး။ ရက်ကန်းခတ် လုပ်စားနေရတဲ့ သူတွေလည်း ရက်ကန်းစင် မီးရှို့ခံလိုက်ရလို့ ရွာကလူတွေ တော်တော် ဒုက္ခရောက်နေကြပါတယ်။ ရွာက လက်ရက်ကန်း စက်ရက်ကန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုတာပါ။ အဲ့တာတွေ မီးရှို့တော့ စားစရာသောက်စရာကို မရှိတော့တာပါ။ တော်တော်လေးကို ဒုက္ခ ရောက်နေပါတယ်။ နေအိမ် ၁၅၀ကျော်ပြာကျ သွားတာပါတယ်။ သံတိုသံစ ရောင်းမရအောင်ကိုပါ ပြာကျသွားတာပါ။ ပိုဆိုးတာက လုပ်စားစရာကို မရှိတော့တာ ရွာက လူတွေ ငိုကြွေး ပူဆွေးနေပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။