31 C
Yangon

အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက်ရောက် ပိုမို အရေးယူရေး သမ္မတဂျိုးဘိုင်ဒင် ထံသို့ ဘန်ကောက်ရှိ အမေရိကန် သံရုံးမှ တစ်ဆင့် မြန်မာ့တော်လှန်ရေးအင်အားစုများ စာပေးပို့

Must read

အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက်ရောက် ပိုမို အရေးယူရေး သမ္မတဂျိုးဘိုင်ဒင် ထံသို့ ဘန်ကောက်ရှိ အမေရိကန် သံရုံးမှ တစ်ဆင့် မြန်မာ့တော်လှန်ရေးအင်အားစုများ စာပေးပို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ မတရားစစ်အာဏာသိမ်းပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လျက်ရှိသော စစ်ရာဇဝတ်မှု တရားခံ အကြမ်းဖက်စစ်ကောင်စီကို ထိထိရောက်ရောက် ပိုမို အရေးယူရေး သမ္မတဂျိုးဘိုင်ဒင် ထံသို့ ဘန်ကောက်ရှိ အမေရိကန် သံရုံးမှ တစ်ဆင့် မြန်မာ့တော်လှန် ရေး အင်အားစုများ စာပေးပို့တောင်းဆိုလိုက်ကြသည်။

မြန်မာနိုင်ငံတွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အကြမ်းဖက် အာဏာသိမ်းယူပြီးပြည်သူများကို ဖိနှိပ် သတ်ဖြတ်လာသည်မှာ ၂ နှစ်ကျော်လာပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုအနေဖြင့် အရေးယူမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ ဆောင်ရွက်ခြင်းအပြင် NDAA တွင် Burma Act ကို ထည့်သွင်းပြဋ္ဌာန်းခြင်း အရေးယူဆောင်ရွက်နေကြောင်း၊ သို့ရာတွင် လက်နက်မဲ့ အပြစ်မဲ့ ပြည်သူများကို လူမဆန်သော လုပ်ရပ်များနှင့် လက်နက် အားကိုး အနိုင်ကျင့်လျက်ရှိသော မြန်မာစစ်တပ်နှင့်အပေါင်းအပါများကို အမေရိကန်စစ်တပ်က ယခုထက်ပိုမို၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

“ဒီနေ့ ဘန်ကောက် အမေရိကန်သံရုံးကို စာပို့တဲ့အခါမှာ ထိုင်းရဲတွေက လာရောက်တဲ့ မြန်မာတွေကို Passport တွေတောင်းပြီး လူနဲ့ ပတ်စ်ပို့တွဲပြီး ဓာတ်ပုံရိုက်တာတွေ လုပ်တယ်။ စာကိုတော့ ပေးလိုက်နိုင်ပါတယ်” ဟု ဘန်ကောက် အမေရိကန်သံရုံးရှေ့သို့ သွားရောက် စာပို့ခဲ့သူ မြန်မာတော်လှန်ရေးသမားတစ်ဦးက ပြောဆိုသည်။

မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အခြေအနေများ ဆိုးဝါးလာမှုကို အမေရိကန်သမ္မတထံ အသိပေးပြီး ကမ္ဘာကိုလည်း အသိပေးခြင်းဖြစ်သည်ဟု မြန်မာ့တော်လှန်ရေးအင်အားစုက ပြောဆိုသည်။

“အမေရိကန်က ကမ္ဘာ့ ဦးဆောင်ဒီမိုကရေစီနိုင်ငံဖြစ်လို့ အသိပေးတာပါ။ မင်းအောင်လှိုင်နဲ့ စစ်တပ်က အာဏာတည်မြဲရေးအတွက် ပြည်သူကိုနှိပ်ကွပ်လာတာ မြန်မာနိုင်ငံမှာ အခြေအနေ တော်တော်ကိုဆိုးလာပြီ။ အာဏာတည်မြဲရေးနဲ့တည်ငြိမ်ရေးအတွက် သတ်ဖြတ်ခံရတဲ့ ၃၀၀၀ ကျော်ပြီ မတရားဖမ်းဆီးထားသူ သောင်းကျော်နေပြီ။ သူတို့ကိုမထောက်ခံဘူး ဆန့်ကျင်ရင် ရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်။ အရှို့ခံရတဲ့ ရွာတွေ မနည်းတော့ဘူး။ ရှေ့မှာ အလားအလာ နှိပ်စက်ဦးမယ်။ စစ်ဘေးဒဏ်သင့်တွေ ပိုများလာတော့မယ်။ မြန်မာပြည်သူတွေအနေနဲ့ အရမ်းကို စိုးရိမ်ထိတ်လန့်နေကြတယ်။ စစ်ကောင်စီက ၂၀၂၃ မှာ ပြင်ဆင်ထားတဲ့ပုံစံက ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး ပိုဆိုးလာမယ့် အခြေအနေမို့ ပြည်သူတွေအတွက် အန္တရာယ်များလို့ ကမ္ဘာကို သိစေချင်လို့ အကြောင်းကြားတဲ့သဘောပါပဲ”ဟု သမ္မတဘိုင်ဒင်ထံ စာပေးပို့ရာတွင် ပါဝင်သူ ထိုင်းရောက် မြန်မာ့တော်လှန်ရေးအင်အားစုမှ မြန်မာတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article