30.5 C
Yangon

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့သည့် ပဇီကြီးရွာကို စစ်တပ်က စစ်ကြောင်းထိုး၊ ပဇီကြီးရွာအပါအဝင် ကျေးရွာ ၇ ရွာမှ ပြည်သူ ၅၀၀၀‌ ကျော် အရေးပေါ် စစ်ဘေးရှောင်၊ ခင်ဦးတွင်လည်း ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ

Must read

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့သည့် ပဇီကြီးရွာကို စစ်တပ်က စစ်ကြောင်းထိုး၊ ပဇီကြီးရွာအပါအဝင် ကျေးရွာ ၇ ရွာမှ ပြည်သူ ၅၀၀၀‌ ကျော် အရေးပေါ် စစ်ဘေးရှောင်၊ ခင်ဦးတွင်လည်း ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ဖြင့် ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန်မှစ၍ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ပဇီကြီး ကျေးရွာ အပါအဝင် ရွာ ၇ ခုမှ ဒေသခံပြည်သူ ၅,၀၀၀ ကျော် အရေးပေါ် ထွက်ပြေး စစ်ရှောင်နေကြရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရေးပေါ်စစ်ဘေးရှောင်ပြေးနေရသည့် ပြည်သူများမှာ ပဇီကြီး၊ ထန်းတော၊ လေးတွင်းစဉ်၊ ချောင်းရှည်၊ ချောင်းသာ၊ မယ်ဇတောနှင့် ချောင်းမကြီးရွာများမှ ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် သပိတ်ကျင်းမြို့နယ်မှ ကန့်ဘလူမြို့နယ် မလည်ရွာဘက်သို့ ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပဇီကြီးရွာသို့ ဝင်ရောက်လာသည့်အတွက် ပြည်သူများအရေးပေါ် ရှောင်ပြေးရခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ စာမျက်နှာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်တပ်မှ ဧပြီလ ၁၁ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာ ဒေသခံများမှာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီး ကျန်ရစ်သူ ပြည်သူများမှာ ရွာထဲသို့ ပြန်မဝင်ရဲကြဘဲ ကျေးရွာအနီး တောတိုက်တဲများတွင် နေထိုင်နေကြရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ယခင်နေထိုင်ရာ တောတိုက်တဲများမှ ထပ်မံ၍ အရေးပေါ် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း သိရှိရသည် ။

ထိုသို့ အကြမ်းဖက်စစ်တပ်မှ ပဇီကြီးရွာကို ဦးတည်၍ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့အနေနှင့် ပဇီကြီးကျေးရွာအတွက် လုပ်ဆောင်နေသည့် အရေးပေါ်ကူညီဆောင်ရွက်မှုများကို ခေတ္တရပ်ဆိုင်းထားရကြောင်းလည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

အလားတူ ခင်ဦးမြို့နယ်တွင်လည်း စစ်တပ်စစ်ကြောင်းက အဖွဲ့များခွဲ၍ ကျေးရွာများသို့ ဝင်ရောက်နေသဖြင့် ပြည်သူ သောင်းချီ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဧပြီလ ၁၉ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းက မြကန်မှ တစ်ဆင့် ကုန်းသာဘက်သို့ စစ်ကြောင်းတစ်ဖွဲ့၊ မြကန် အရှေ့ ချောင်းဘောင်မှ တောင်ဘက်ဦးတည်ပြီး မရမ်းအင်းနှင့် သဲကုန်းကြီးဘက်သို့ စစ်ကြောင်းတစ်ခု၊ မြင်းဒေါင်းကျေးရွာဘက်သို့ စစ်ကြောင်း တစ်ဖွဲ့၊ အင်းပတ်ကွေ့ဘက်သို့ စစ်ကြောင်း တစ်ဖွဲ့ အသီးသီး ဝင်ရောက်ခဲ့သဖြင့် ပြည်သူသောင်းချီ စစ်ဘေးရှောင်ရကြောင်း သိရှိရသည်။

“အင်းပတ် ချမ်းသာကုန်း မြကန် ကုန်းသာ မရမ်းအင်း ညောင်ပင်ခြံ ဆည်ကြီး သဲကုန်းကြီး အောင်သာ အင်းပေါက် ဒါန်းကုန်း မုံတော တောင် စတဲ့ ၁၂ ရွာ မှာရှိတဲ့ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရတယ်။ အခြား အခြားနီးစပ်ရာကျေးရွာများလည်း ပြေးရန်အသင့် အထုပ်ပြင်ထားရတယ်။ ရာသီဥတုအရမ်းပူပြင်းတော့ စစ်ဘေးရှောင်တွေ အတော်ကို ဒုက္ခရောက်ကြတယ်။ စစ်ကြောင်း တစ်ကြောင်းထဲပဲ။ စစ်တပ်နဲ့ပျူစောထီး ပေါင်းရင် ၂၀၀ ဝန်းကျင်ရှိတာကို အဖွဲ့ ၄ ဖွဲ့ခွဲပြီး ပတ်မွှေနေတာ” ဟု ခင်ဦးဒေသမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article