29 C
Yangon

နေဝင်းနဲ့သန်းရွှေကို အားကျ ကာချုပ် ဖြစ်ချင်ခဲ့တဲ့ ရုရှားပြန် စစ်အရာရှိ၏ နိဂုံး (သို့မဟုတ်) နောင်ချိုတွင် PDF လက်ချက်ဖြင့် အဆုံးသတ်သွားရသည့် ဒုဗိုလ် မှူးကြီး မြတ်မင်းထွန်း

Must read

နေဝင်းနဲ့သန်းရွှေကို အားကျ ကာချုပ် ဖြစ်ချင်ခဲ့တဲ့ ရုရှားပြန် စစ်အရာရှိ၏ နိဂုံး (သို့မဟုတ်) နောင်ချိုတွင် PDF လက်ချက်ဖြင့် အဆုံးသတ်သွားရသည့် ဒုဗိုလ် မှူးကြီး မြတ်မင်းထွန်း

ရန်ကုန်၊ ဧပြီ ၂၄

ငယ်စဉ်ကလည်း စစ်တပ်ရဲ့ ကာချုပ်ရာထူး ရဖို့ အထိ ရည်မှန်းချက်ကို ထုတ် ဖော် ပြောဆိုပြီး စစ်တပ်ထဲ ဝင်ခဲ့တဲ့ ပဲခူတိုင်း၊ သုံးဆယ်မြို့မှ ဒုတိယဗိုလ်မှူး ကြီး မြတ်မင်းထွန်းက သူရဲ့ ရည်မှန်းချက်တွေနဲ့ဘ၀ကိုပါ ဧပြီလ ၂၂ ရက်နေ့ နောင်ချို မှာ စွန့်လွှတ် အဆုံးသတ်ခဲ့ရပါတယ်။

ဧပြီလ ၂၂ ရက်နေ့ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တွင် အခြေပြု တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၇ စခန်းကုန်းကို နံနက် ၃ နာရီခန့် PDF က သိမ်း ပိုက်ခဲ့ ပါတယ်။ ဒါကို မသိတဲ့ ခလရ ၁၄၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းက သူ့စခန်းကုန်းကို လာရောက်စဉ်မှာ PDF တွေ ပစ်ခတ်လို့ သေဆုံး သွားခဲ့ရတာလည်းဖြစ်ပါတယ်။

“မြတ်မင်းထွန်းက သူငယ်ငယ်က ကာချုပ်ဖြစ်ချင်တယ်။ သူတကယ်တန်း ၁၀ တန်းအောင်တော့လည်း တပ်ထဲကိုပဲ ဝင်တာပဲ။ မြတ်မင်းထွန်းက သာယာ၀တီ မြို့နယ်၊ သုံးဆယ်မြို့ ဇာတိ။ သူက အကြီးဆုံးသား၊ သူ့ညီလေးကလည်း စစ်ဗိုလ်ပဲ။ သူ့ညီမလေးလည်း ရှိသေးတယ်။ စစ်တက္ကသိုလ်အမှတ်စဉ် (၄၄) ကျောင်းဆင်းပါ။ သူသေဆုံးချိန်မှာတော့ ဇနီးနဲ့ သား ၂ ဦးကျန်ရစ်ပါတယ်” လို့ သူ့အကြောင်းကို သေချာသိရှိတဲ့ မိတ်ဆွေဖြစ်သူက ပြောပါတယ်။

မြတ်မင်းထွန်းက ငယ်စဉ်ကတည်းက စစ်အာဏာရှင် နေဝင်းနဲ့ သန်းရွှေတို့ကို သိပ်သဘောကျခဲ့သူဖြစ်ပြီး ကလေးသဘာ၀ နိုင်ငံတော်သီချင်း ကျောင်းမှာ ဆိုရင် တောင် တကယ့်ကို စစ်သားတစ်ဦးလို ပုံစံမျိုးနဲ့ ဆိုတတ်သူလို့ ဆိုပါတယ်။

“ငယ်ငယ်ကတည်းက သူက စစ်သားကြီးဖြစ်ချင်တယ်။ နိုင်ငံတော် သီချင်း ဆိုတာတောင် ဆိုဒ်နဲ့ဂိုက်နဲ့ စစ်သားတွေလိုဆိုသူ။ သူကြီးရင်ကာချုပ် လုပ်မယ် ပြောတယ်။ သူ့ရည်ရွယ်ချက်အတိုင်း အဲ့ကနေ ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ ဖြစ်တယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ရှေ့တန်းတွေ မတရား ထွက်ရပြီးရာထူးထပ်မတိုးဘူး။ အဲဒီမှာတော့ သူအတော်ကို စိတ်ပျက် လက် ပျက် ဖြစ်သွားတယ်” လို့ မိတ်ဆွေအသိုင်းအ၀ိုင်းက ဆိုပါတယ်။

စစ်တပ်ထဲမှာ နေဝင်း၊ သန်းရွှေတို့ကို အားကျသူမို့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ တိုက် တွန်းဖျောင်းဖျမှုကြောင့် CDM ဝင်မလိုလို ဖြစ်ခဲ့ပေမယ့် တကယ်တန်း တော့ CDM မလုပ်ဖြစ်ဘဲ စစ်တပ်က ပေးတဲ့တာဝန်တွေကို ဆက်တိုက် ထမ်း ဆောင်ခဲ့ပါတယ်။

အခုနောက်ဆုံးမှာတော့ စစ်အာဏာရှင်တွေကို အားကျသူ ၊ စစ်သွေးစစ်မာန် တက်ကြွ သူ တစ်ဦးဖြစ်တဲ့ မြတ်မင်းထွန်းက ရှေ့တန်းနေရာမှာ PDF သိမ်း ထားတဲ့ စခန်းကုန်းကို သူ့စခန်းကုန်းမှတ်ပြီး သွားရောက်ရင်းက သေဆုံးခဲ့ရ ပါတယ်။

ရုရှားပြန် စစ်အရာရှိတစ်ဦး ဖြစ်ပေမယ့်လည်း သူကျဆုံးချိန်မှာ အလောင်း တောင် စစ်တပ်က ပြန်မယူနိုင်ဘဲ မိသားစုကလည်း ကိုယ်ခန္ဓာမပါတဲ့ သူ့နာ ရေးကို သပိတ်သွပ် အမျှဝေပွဲပဲ လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ပြည်သူ့ကျိန်စာဆိုရင် မမှားဘူးလို့ မိတ်ဆွေတွေက ဆိုပါတယ်။

“ပြည်သူ့ဘက်ပါရင် CDM လုပ်ခဲ့ရင် အခုအချိန်ဆို သူအသက်ရှင်နေဦးမှာပဲ” လို့ သုံးဆယ်မြို့ခံတစ်ဦးက ဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article