ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ထင်သာမြင်သာ ရလဒ် ပြစရာ မရှိဘဲ ပြီးဆုံး
■ အကြမ်းဖက် မင်းအောင်လှိုင်၊ သမ္မတဟောင်း သိန်းစိန်တို့နှင့်တွေ့ဆုံခဲ့ပြီး NUG ၊ CRPH နှင့် PDF တို့ကို အကြမ်း ဖက်အဖွဲ့အဖြစ် စစ်ကောင်စီက ဘန်ကီမွန်းထံ တင်ပြခဲ့
ရန်ကုန်၊ ဧပြီ ၂၄
အကြမ်းဖက် မင်းအောင်လှိုင်၏ အထူးဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ ခရီးစဉ်သည် လက်ရှိတွင် ထင်သာမြင်သာရှိသော ရလဒ်တစ်စုံတစ်ရာမရှိဘဲ ပြီးဆုံးသွားခဲ့သည်။
ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် အကြမ်းဖက်မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး ဦးဆောင်သော အဖွဲ့တို့နှင့်တွေ့ဆုံခဲ့သော်လည်း ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရ၊ မရကိုမူ ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။
အကြမ်းဖက်မင်းအောင်လှိုင်က လက်ရှိတွင် ၎င်းတို့ချမှတ်ထားသည့် နိုင်ငံရေး လမ်းပြမြေပုံ၊ ရွေးကောက်ပွဲ လမ်း ကြောင်းမှတစ်ဆင့် နိုင်ငံ ရေး အပြောင်း အလဲ သွားမည့် အခြေအနေများကို ရှင်းလင်းခဲ့ပြီး NUG ၊ CRPH နှင့် PDF တို့က နိုင်ငံအတွင်း အကြမ်းဖက်မှုများကို လုပ်ဆောင်နေကြောင်း ရှင်းလင်း ပြောဆိုကြောင်း သိရှိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများအပေါ် အမြင်သဘော ထားများကို ဆွေးနွေးပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန် ဆုံး လွှတ်ပေးရန် တောင်းဆိုကြောင်း သိရှိရပြီး အခြားသော ဆွေးနွေးသည့် အချက်များနှင့်ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေတို့နှင့်လည်း ဘန်ကီမွန်းက သီးခြားတွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် NUG ၊ CRPH နှင့် PDF တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် အသေးစိတ် ဖော်ဆောင် ညွှန်းဆိုထားသော အစီရင်ခံတင်ပြမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဘန်ကီမွန်းသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း သွားရောက် တွေ့ဆုံ နှုတ်ဆက်သည်ဟု သတင်းရရှိသော်လည်း တွေ့ဆုံမှု အသေးစိတ် အခြေအ နေများကို မသိရှိရသေးပေ။
ဘန်ကီမွန်းသည် ဧပြီလ ၂၄ ရက်နေ့ ညပိုင်းတွင် အထူးစင်းလုံးငှားလေယာဉ် ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ထွက်ခွာသွားပြီး များမကြာမီ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှု အသေးစိတ် အချက်အလက်များ ထုတ်ပြန် နိုင်ဖွယ်ရှိ ကြောင်း သိရှိရသည်။