28 C
Yangon

ဖယ်ခုံနှင့်ပင်လောင်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၃ ဦး သေဆုံးပြီး ၁၈ ဦးဒဏ်ရာရ

Must read

ဖယ်ခုံနှင့်ပင်လောင်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၃ ဦး သေဆုံးပြီး ၁၈ ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုနေထိုင်ရာ ကျေး ရွာများပေါ်သို့ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း တို့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

“ဧပြီလ နောက်ဆုံးပတ်ကနေ မေလ နောက်ပတ်စာရင်းပါ၊ စစ်ကောင်စီတပ်အနေနဲ့ အရပ်သားနေရာ တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲချတာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်ပါတယ်၊ ပြောရရင်တော့ သူတို့အနေနဲ့ စစ်ရေးအရ အထိနာနေလို့သာ အရပ်သားတွေကို ပတ်ရမ်းတာပေါ့၊ ဘယ်လိုပဲဖြစ်ပါစေ ဒီ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ကန့်ကွက်ပါတယ်” ဟု ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ ယိင်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ပြည်သူများ သေဆုံးခဲ့သည့် ပထမဖြစ်စဉ်မှာ ဧပြီလ ၂၄ ရက်နေ့ ပင်လောင်းမြို့နယ်၊ မြောက်စလုံးကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသော မိုင်းနောင်မြို့နယ် အခြေစိုက် စကခ ၂ စစ်ကောင်စီစစ်ကြောင်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF)တပ်က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြန်လည် ပြင်းထန်လာခဲ့ကြောင်း၊ ဧပြီလ ၂၅ ရက် နေ့တွင် အကြမ်းဖက် စစ်ကောင်စီလေတပ်က မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိသော ဖယ်ခုံမြို့နယ် ဆောင်ဖွေးကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများခိုလှုံနေသော ဆောင်ဖွေးဆေးပေးခန်းကို လေကြောင်း မှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ မီးဖွားရန်ရောက်ရှိနေသောကိုယ်၀န်ဆောင် အမျိုးသမီးတစ်ဦး သေဆုံး ကာ သူနာပြုတစ်ဦးအပါအ၀င် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် မိုးဗြဲမြို့နယ်၊ ညောင်ဝိုင်းရပ်ကွက်အနီး၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ် ခဲ့ရာ ညနေ ၅ နာရီခန့်မှစ၍ ဖယ်ခုံမြို့အခြေစိုက် ခမရ- ၃၃၆ ၊ အမြောက်တပ်၊ မိုးဗြဲရေကာတာ အနီး ရှိ ခမရ ၄၂၂ နှင့်လွိုင်ကော် အမြောက်တပ်တို့မှ လက်နက်ကြီးများဖြင့် မိုးဗြဲမြို့နယ်အတွင်းသို့ ဆက် တိုက် ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်များ နေထိုင်ရာ ညောင်ဝိုင်းဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များ ထိမှန်ပျက်စီးခဲ့ပြီး သံဃာတစ်ပါး ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၂၇ ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု၊ တောင်ပို့ကြီးကျေးရွာ အတွင်းသို့ ဖယ်ခုံ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးကို ထိမှန်ပေါက်ကွဲခဲ့ပြီး အသက် ၃၉ နှစ်အရွယ် ဦးစံ၊ အသက် ၃၁ နှစ်အရွယ် ဦးမျိုးမင်းခန့်၊ အသက် ၃၆ နှစ်အရွယ် ဦးအောင်စိုးမိုးနှင့် အသက် ၅၂ နှစ်အရွယ် ဦးမြာရယ် တို့ ဒဏ်ရာရရှိကာ လွိုင်ကော်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်ဟု ဆို သည်။

အလားတူပင် မေလ ၂ ရက် နံနက် ၁၀ နာရီခန့်တွင်လည်း မည့်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံအမြောက်တပ်က ဖယ်ခုံမြို့အနောက်ဘက်ကမ်း ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ရာ နေအိမ် ၅ လုံးထက်မနည်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်တပ်က မေလ ၆ ရက်နေ့ နံနက် ၃ နာရီခွဲကျော်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော ဖယ်ခုံအနောက်ဘက်ခြမ်း ရီနွဲ့ ကျေး ရွာအုပ်စု၊ လန်းကောကျေးရွာကို လေကြာင်းမှ ဗုံးကျဲခဲ့ရာ အသက် ၁၀ နှစ် အရွယ် ကလေးတစ်ဦးအပါအ၀င် ပြည်သူ ၃ ဦး ထိမှန်ကြောင်း၊ ကက်သလစ်ဘုရားကျောင်းတစ်ကျောင်း အ ပါအ၀င် နေအိမ် အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း၊ မေလ ၅ ရက် နေ့မှ မေလ ၈ရက်နေ့အထိ ဖယ်ခုံ မြို့ နယ်နှင့်ပင်လောင်းမြို့နယ် နယ်စပ်တစ် လျောက်ကို အကြမ်းဖက်စစ်တပ်က လေကြာင်းတိုက်ခိုက် မှု ၁၅ ကြိမ် ထက်မနည်းပြုလုပ်ခဲ့ရာ ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေး ရွာနှင့် ရီနွဲ့ကျေးရွာအုပ်စုတို့မှ နေအိမ်အလုံး ၃၀ ထက်မနည်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မိုးဗြဲမြို့ပေါ်ရှိ ညောင်ဝိုင်းရပ်ကွက်၊ ဈေးကုန်းရပ်ကွက်နှင့် ပေါ်ဦးရပ် ကွက်များကို အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး အသုံးပြုကျဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းလုပ်ဆောင်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းတွင် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စည် ကား ၃ ရပ်ကွက်အတွင်းသို့ ကျရောက်ပေါ်ကွဲပြီး အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ပြီး နေအိမ် အဆာက်အအုံ ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ အစီရင်ခံစာက ဆိုသည်။

နောက်ဆုံးဖြစ်စဉ်အဖြစ် မေလ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်အချိန် ခမရ ၄၂၂ တပ်နှင့် လွိုင်ကော်အမြောက်တပ်တို့က မိုးဗြဲ အနောက် ခြမ်းရှိ စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ရှိအချိန်၌လည်း ပင်လောင်း၊ ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်တို့တွင် မိုင်းနောင်အခြေ စိုက် စကခ ၂ နှင့် တပ်မ ၆၆ လက် အောက်ခံတပ်များ လှုပ်ရှားကြောင်းထိုးနေသဖြင့် တိုက်ပွဲများပြင်း ထန် နေပြီး အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူရာပေါင်း များစွာ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်နေသော စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး။

Photo- Karenni’s Voice

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article