25 C
Yangon

ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏သမီး ပြင်သစ် HEC Paris ကျောင်းတွင် တက်ရောက်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဟုဆို

Must read

ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏သမီး ပြင်သစ် HEC Paris ကျောင်းတွင် တက်ရောက်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကောင်စီကို လေယာဉ်ဆီ ဝယ်ယူထောက်ပံ့ကူညီပေးနေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌရဲ့သမီးဖြစ်သူကို ပြင်သစ်မှာ နေထိုင်ခွင့်ပေးထားခြင်းအပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက တောင်းဆိုခဲ့ကြပါတယ်။

မြန်မာပြည်သူ ၁၈ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်တဲ့ တယ်လီနော မြန်မာကုမ္ပဏီကို ဝယ်ယူခဲ့တဲ့ စစ်တပ်နဲ့ အလွန်နီးစပ်တဲ့ ခရိုနီ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့နဲ့ နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုပ်သိမ်းဖို့ ၄င်းတို့က ပြင်သစ်အစိုးရကို တောင်းဆိုခဲ့ကြတာပါ။

“သိမ့်ဝင်းထက် ဒါမှမဟုတ် သူ့မိသားစုဝင်တွေရဲ့ ပြင်သစ်နိုင်ငံထဲက ပိုင်ဆိုင်မှုတွေကို ပြင်သစ်အစိုးရအနေနဲ့ အမြန်စုံစမ်းစစ်ဆေးပြီး သိမ်းဆည်းပိတ်ပင်သင့်ပါတယ်” လို့ Justice for Myanmar (JFM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် သူမတက်ရောက်နေတဲ့ ပြင်သစ်နိုင်ငံက HEC Paris ကျောင်းအနေနဲ့ သူမရဲ့ ကျောင်းတက်ရောက်ခွင့်ကို ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ သူမရဲ့ ငွေကြေးအရင်းအမြစ်တွေကို ပြင်သစ်အာဏာပိုင်တွေဆီ အသိပေးဖို့လည်း JFM က တိုက်တွန်းထားပါသေးတယ်။

“HEC အနေနဲ့ မသိမ့်ဝင်းထက်ကို ပညာသင်ကြားပေးခြင်း၊ ကျောင်းအသိုင်းအဝိုင်းမှာ ဝင်ဆန့်ခွင့်ပေးခြင်းဖြင့် HEC ကျောင်း၊ ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနဲ့ ရှယ်ယာရှင်များအနေနဲ့ အသက်ညှာဆုံး ပြောရရင် ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်မှာ စိစစ်ဆောင်ရွက်မှု ပြောင်ပြောင်တင်းတင်း ကင်းမဲ့နေတာကို ပြသနေတာဖြစ်ပြီး၊ အဆိုးဆုံးအနေနဲ့ကတော့ လွတ်လပ်ဖို့အတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်နေမှု အပေါ် မထီမဲ့မြင်ပြုလိုက်တာ ဖြစ်ပါတယ်” လို့ Info Birmanie ရဲ့ ညှိနှိုင်းရေးမှူး Johanna Chardonnieras က ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပြင်သစ်က စီးပွားရေးကျောင်းတွေမှာ နိုင်ငံခြားကျောင်းသားဦးရေ ၈၀ ရာခိုင်နှုန်း တိုးလာပြီး အဆင့်မြင့်ကဏ္ဍမှာ အများဆုံးဖြစ်ပါတယ်။ နိုင်ငံခြားသား စုစုပေါင်း ၄ သိန်းခန့်ကနေပြီး တနှစ်ကို ယူရို ၁.၃၅ ဘီလီယံအထိ ဝင်ငွေရရှိနေတာ ဖြစ်တယ်လို့ Campus France ရဲ့ ၂၀၂၂ နိုဝင်ဘာလက လေ့လာမှုတခုမှာ ဖော်ပြထားပါတယ်။

အဆိုပါ ကျောင်းတွေဟာ ၎င်းတို့ဝင်ငွေရရှိမှုရဲ့ အဓိက ဇာတ်မြစ်ကို စုံစမ်းစစ်ဆေးလေ့ မရှိကြောင်း Spanish University of Valencia ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ Clara Portela က မှတ်ချက်ပြုထားပါတယ်။

ကမ္ဘာ့ထိပ်တန်း စီးပွားရေးကျောင်းတွေထဲက တခုဖြစ်တဲ့ HEC Paris အနေနဲ့ သူမ (မသိမ့်ဝင်းထက်) အပေါ် ထပ်လောင်း စီစစ်အတည်ပြုတာမျိုး မရှိဘဲ လက်ခံကြိုဆိုခဲ့ပါတယ်။ အဆိုပါကျောင်းရဲ့ ၂၀၂၃ နွေရာသီ မဟာတန်းအတွက် ၂ နှစ် ကုန်ကျစရိတ်ဟာ ယူရို ၅၃,၂၀၀ (မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ ကျော်ဝန်းကျင်) အထိ ကုန်ကျနိုင်တာ ဖြစ်ပါတယ်။

HEC ကတော့ “ကျောင်းသားတွေကို ရွေးချယ်တဲ့နေရာမှာ သူတို့ရဲ့ ပညာရေး ထူးချွန်မှုအပေါ် အခြေခံပါတယ်။ သူတို့အနေနဲ့ ဘဏ်တွေရဲ့ တာဝန်ယူမှု အခန်းကဏ္ဍကို ဦးစားပေးသလို၊ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ထောက်ပံ့မှု တိုက်ဖျက်ရေးဟာ ဘဏ်လုပ်ငန်းကဏ္ဍမှာရှိတဲ့ ကုမ္ပဏီတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်တွေအပေါ် အလေးအနက်ထား ဆောင်ရွက်လေ့ရှိတဲ့ ကျောင်းတစိခုအနေနဲ့ ရှေ့နေတဦးနဲ့ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး HEC ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။

“ရယ်စရာကောင်းနေတာက HEC လိုမျိုး (လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ဆိုင်ရာ အန္တရာယ်တွေကို ကြိုတင်ပြင်ဆင် တားဆီးရေး အစီအမံတွေ လုပ်ဆောင်ရတဲ့) စည်းမျဉ်းစည်းကမ်းတွေကို သင်ကြားပို့ချနေရတဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ကျောင်းကြီးတကျောင်းက လက်တွေ့မှာ အဲဒီနယ်ပယ်အတွက် မူဝါဒ မရှိနေတာပါပဲ” လို့ ရှေ့နေတဦးဖြစ်တဲ့ William Bourdon က ဆိုပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက “ဒဏ်ခတ်ပိတ်ဆို့ခံနေရတဲ့ ဒါမှမဟုတ် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေက နိုင်ငံသားတွေအနေနဲ့ ကျောင်းသား ဗီဇာလျှောက်ထားရာမှာ သီးခြားကွဲပြားနေတဲ့ အစီအမံမျိုး မရှိပေမယ့်၊ ဥရောပ ဒါမှမဟုတ် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ရှိနေရင်တော့ ဗီဇာမထုတ်ပေးပါဘူး” လို့ ဆိုထားပြီး “အရေးယူပိတ်ဆို့မှု အသက်မဝင်သေးရင်တော့ ဒီစည်းမျဉ်းကို ထုတ်သုံးလို့ရမှာမဟုတ်ဘူး” လို့လည်း ဆိုထားပါတယ်။

သိမ့်ဝင်းထက်ရဲ့ ကျောင်းသားဗီဇာကို ၂၀၂၃ ဇူလိုင်လ ၁၈ ရက်မှာ ထုတ်ပေးထားတာဖြစ်ပြီး၊ အဲဒီအချိန်ကတော့ လုံခြုံ‌ရေးစစ်ဆေးမှုတွေမှာ တစုံတရာ ထူးခြားဖော်ပြတာမျိုး မရှိခဲ့ဘူး လို့လည်း သိရပါတယ်။

သိမ့်ဝင်းထက်အနေနဲ့ HEC မှာ ဆုံးခန်းတိုင် တက်ရောက်နိုင်ရေး အနည်းဆုံး ၂၀၂၅ နှစ်ကုန်အထိ နေထိုင်ခွင့်ရဖို့ လိုအပ်တာဖြစ်တာကြောင့် နောက်တကြိမ် ဩဂုတ်လ ဗီဇာသက်တမ်းတိုးချိန်မှာ သူမအနေနဲ့ နေထိုင်ခွင့် ဆက်လက်ရရှိရေး ရုန်းကန်ရနိုင်တယ်လို့လည်း သိရပါတယ်။

Ref: Le Monde news

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article