31 C
Yangon

Canal + ရုပ်သံ နဲ့ Thaicom တို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို ထုတ်လွှင့်နေ

Must read

Canal + ရုပ်သံ နဲ့ Thaicom တို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို ထုတ်လွှင့်နေ

ရန်ကုန်၊ မေ ၇

ပြင်သစ်ရုပ်သံထုတ်လွှင့်ရေး ချန်နယ် Canal + နဲ့ ထိုင်းရုပ်သံလွှင့် ဂြိုလ်တု Thaicom တို့က နိုင်ငံတကာ ဥပဒေတွေနဲ့ စံနှုန်းတွေကို ဆန့်ကျင်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေး သတင်းတွေကို ထုတ်လွှင့်နေတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ တစ်ခုဖြစ်တဲ့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Canal + နဲ့ သူ့ရဲ့ ဂြိုလ်တုမိတ်ဖက်လုပ်ငန်း Thaicom တို့ဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူတွေ၊ OECD လမ်းညွှန်ချက်တွေ၊ နိုင်ငံတကာဥပဒေနဲ့ စံနှုန်းတွေအရ သူတို့ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ဆန့်ကျင်ပြီး မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး သတင်းတွေကို ထုတ်လွှင့်နေတာလို့ Justice For Myanmar က ဆိုတာပါ။

စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးအတွက် ပြင်ဆင်ရိုက်ကူးထားတဲ့ MRTV၊ MITV နဲ့ မြဝတီ ရုပ်သံချန်နယ်တွေက ရုပ်သံအစီအစဉ်တွေကို Canal + နဲ့ Thaicom တို့က ထုတ်လွှင့်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက PDF တွေလို့ သတ်မှတ်စွပ်စွဲ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာတွေ၊ ဥပဒေမဲ့ ထောင်ချတာတွေနဲ့ သေဒါဏ်ချမှတ်တာတွေ စတာတွေမှာ ကျူးလွန်ခံရသူတွေရဲ့ ရုပ်ပုံတွေကို ပုံမှန်ထုတ်လွှင့်ပေးနေတဲ့ MRTV နဲ့ MITV ရုပ်သံလိုင်းတွေရဲ့ ထုတ်လွှင့်မှုတွေကို Canal + နဲ့ Thaicom တို့က ထပ်မံဖြန့်ဖြူး ထုတ်လွှင့်ပေးနေတာလို့ JFM က ဆိုတာပါ။

MRTV မှာပြသတဲ့ အကျဉ်းသားတွေရဲ့ ရုပ်ပုံတွေမှာ မျက်နှာ ဖူးရောင်ဒါဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့လက္ခဏာတွေ ၊ သူတို့တွေရဲ့ နံမည်တွေနဲ့ အနီးကပ်ပုံတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

“ရိုဟင်ဂျာများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်က လက်ရှိမှာလည်း ၄င်းတို့ကို ဆန့်ကျင်နေတဲ့ ပြည်သူလူထု တရပ်လုံးကို အကြမ်းဖက်စစ်ဆင်ရေးတွေ ဆက်လက်ကျူးလွန်လျက်ရှိနေပါတယ်။ စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး၊ အကြောက်တရား၊ သတင်းမှားနဲ့ အမုန်းတရားတွေ ဖြန့်ဝေရေးအတွက် မီဒီယာကို အသုံးချ လျက်ရှိပါတယ်။

Canal+ နဲ့ Thaicom တို့အနေနဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေး လက်နက်တိုက်ရဲ့ အဓိကလက်နက် တစ်ခုဖြစ်တဲ့ MRTV ကို ထုတ်လွှင့်ခြင်းအားဖြင့် နိုင်ငံတကာဥပဒေအရ သူတို့လိုက်နာရမယ့် လူ့အခွင့်အရေး တာဝန်ဝတ္တရားတွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ထုတ်ပြန်တဲ့ ဖမ်းမိထားတဲ့ PDF ဆိုသူတွေရဲ့ ဓာတ်ပုံတွေကို ထုတ်လွှင့်နေတဲ့လုပ်ရပ်ဟာ Canal+ နဲ့ Thaicom တို့အနေနဲ့ သူတို့ မိခင်နိုင်ငံတွေ လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာသဘောတူ စာချုပ်ပါ ပြဌာန်းချက်တွေကို ချိုးဖောက်နေတာဖြစ်ပြီး စစ်သုံ့ပန်းတွေကို စီးပွားရေး အကျိုးအမြတ်အတွက် အသုံးချ ပြစားနေတာ ဖြစ်ပါတယ်။

Canal+ နဲ့ Thaicom တို့က ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ” လို့ ရည်ညွှန်းတဲ့ အကြောင်းအရာတွေကို ထုတ်လွှင့်ခဲ့တဲ့အချက်က ICJ ရဲ့ ကြားကာလ ဆောင်ရွက်ရမယ့် အစီအမံတွေဖြစ်တဲ့ “လူမျိုးတုန်း သတ်ဖြတ်မှု တိုက်ရိုက်ကျူးလွန်ခြင်းနှင့် လူထုကြားလှုံ့ဆော်ခြင်းကို တားမြစ်သည်” ဆိုတဲ့ အချက်ကို လျစ်လျူရှုနေတာ ဖြစ်ပါတယ်။ Canal+ နဲ့ Thaicom တို့ဟာ MRTV ရဲ့ ‘ဘင်္ဂါလီ’ ဆိုတဲ့ အသုံးအနှုန်းကို လူမျိုးတုံးသတ်ဖြတ်မှု အသုံးအနှုန်းမှန်း သိလျက်နဲ့ ထုတ်လွှင့်နေကြတာ ဖြစ်ပါတယ်။

Canal+ နဲ့ Thaicom တို့အနေနဲ့ စစ်အုပ်စုဝါဒဖြန့်ချီမှုတွေ ထုတ်လွှင့်မှုကို ချက်ချင်းရပ်ဆိုင်းပြီး၊ OECD လမ်းညွှန်ချက်တွေနဲ့ နိုင်ငံတကာဥပဒေအရ သူတို့လိုက်နာရမယ့် တာဝန်တွေကို လေးစားလိုက်နာဖို့ တောင်းဆိုပါတယ်”လို့ Justice For Myanmar အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Canal+ ဟာ ပြင်သစ်ကော်ပိုရေးရှင်း Vivendi SA ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး၊ Vivendi SA က Gameloft, Dailymotion နဲ့ Havas Group တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Canal+အနေနဲ့ ယခင်က EU ရဲ့ စီးပွားရေး ပိတ်ဆို့တာခံခဲ့ရတဲ့ Forever Group ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လစဉ်ကြေးသွင်းပြီး ကြည့်ရတဲ့ ရုပ်သံစီးပွားရေးတစ်ခုကို ၂၀၁၈ ခုနှစ်ကစလို့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အလားတူ Thaicom ဟာလည်း မြန်မာစစ်တပ်နဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပြီး အရင်က မြန်မာစစ်တပ်ရဲ့ မြဝတီ ရုပ်မြင်သံကြား (MWD) ချန်နယ်တွေကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ Thaicom က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) နဲ့ ဝန်ဆောင်မှု သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုထားပြီး ဒီစာချုပ်ကို ၂၀၂၁ ခုနှစ်မှာ သက်တမ်းတိုးထားတယ်လို့ သိရှိရပါတယ်။

ပြင်သစ်နဲ့ ထိုင်းနိုင်ငံတွေ အနေနဲ့ သူတို့ အာဏာပိုင်နယ်မြေ အတွင်းမှာရှိကြတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိကြတဲ့ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ ဥပဒေနဲ့ စံနှုန်းတွေကို လိုက်နာကျင့်သုံးစေဖို့ အရေးတကြီး အရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်သင့်တယ်လို့ Justice For Myanmar အဖွဲ့က ထောက်ပြပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article