35 C
Yangon

မြ၀တီမြို့နယ်တွင် စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က စောချစ်သူအမိန့်ဖြင့် တပ်သားသစ်များအဖြစ် လူငယ်များကို မဲနှိုက်ခိုင်းပြီး အဓမ္မ စုဆောင်းနေ

Must read

မြ၀တီမြို့နယ်တွင် စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က စောချစ်သူအမိန့်ဖြင့် တပ်သားသစ်များအဖြစ် လူငယ်များကို မဲနှိုက်ခိုင်းပြီး အဓမ္မ စုဆောင်းနေ

■ တစ်ရွာလျှင် လူငယ် ၁၅ ဦး BGF အတွက် ပေးရမည်ဖြစ်ပြီး မပေးလျှင် ရွာဖျက်ဆီး၍ ပိုင်ဆိုင်မှုသိမ်းမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ မေ ၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ အမိန့်ဖြင့် လူငယ်များကို မဲနှိုက်ခိုင်းပြီး မဲပေါက်သူမှန်မျှကို တပ်သားသစ်များအဖြစ် အတင်းအဓမ္မစုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယခုမေလဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့က တစ်ရပ်ကွက်၊ တစ်ရွာလျှင် လူငယ် ၁၅ ဦးကို BGF တပ်သားများအဖြစ် ပေးရမည်ဖြစ်ကြောင်း၊ တပ်သားသစ်စုဆောင်းရာတွင် ကျေးရွာရှိ လူငယ်များအနေဖြင့် မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်သူမှန်သမျှကို တပ်သားသစ်များအဖြစ် စုဆောင်းမည်ဟု BGF တပ်ဖွဲ့က ပြောဆိုလာကြောင်း သိရှိရသည်။

“မြဝတီ ရွှေက္ကိုလ်ဘက်က ရွာနဲ့ ရပ်ကွက်တွေမှာ တစ်ရွာ၊ တစ်ရပ်ကွက်ကို ၁၅ ဦး BGFမှာ အမှုထမ်းဖို့ ပေးရမယ်လို့

အမိန့်ထုတ်တယ်။ လူငယ်တွေမှန်သမျှ ကို မဲနှိုက်ခိုင်းတဲ့နည်းနဲ့ ရွေးနေတယ်။ တကယ်လို့ ၁၅ ဦး BGF အတွက် မပေးဘူးဆိုရင် အိမ်၊ ရွာတွေကို ဖျက်ဆီးမယ်။ တာဝန်မထမ်းဆောင်တဲ့ လူငယ်တွေရဲ့ မိဘ ဆွေမျိုး ပိုင်ဆိုင်မှုတွေ အကုန်သိမ်းမယ်လို့ ပြောတယ်” ဟု ရွှေက္ကိုလ်ဒေသမှ ကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့၊ ထီးကော်ထော်ကျေးရွာတွင် လူငယ်များကို အတင်းအဓမ္မ မဲနှိုက်ခိုင်းပြီး BGF တပ်သားသစ်များအဖြစ် စတင်စုဆောင်းနေကြောင်း သိရှိရသည်။

” ထီးကော်ထော် ကျေးရွာမှာ BGF စစ်သားသစ်စုဆောင်းနေပါတယ်။ တစ်အိမ်တစ်ယောက် မဲနှိုက်ခိုင်းတယ်။ ပေါက်လို့ တာဝန်မထမ်းဆောင်ရင် ပိုင်ဆိုင်မူ အကုန်သိမ်းမယ်လို့ပြောတယ်။ လူငယ်တွေနဲ့ ရွာသားတွေလည်း အတော်ကို အခက်တွေ့နေကြတယ်” ဟု ထီးကော်ထော်ကျေးရွာလူကြီးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့သည် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်သွယ်မှု များ လုပ် ကိုင်ကာ ငွေရှာနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်အတွက် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်ကာ BGF အဖွဲ့ ဦးဆောင်သူများတွင် ဗိုလ်မှူးကြီး စောချစ်သူမှာ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများ ထင်ရှားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article