32 C
Yangon

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ဆိုင်ကလုန်း မုန် တိုင်းအဖြစ် အသွင်ပြောင်းနိုင်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့အကြားမှ ဖြတ်သန်းနိုင်ဖွယ်ရှိ

Must read

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ဆိုင်ကလုန်း မုန် တိုင်းအဖြစ် အသွင်ပြောင်းနိုင်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့အကြားမှ ဖြတ်သန်းနိုင်ဖွယ်ရှိ

ရန်ကုန်၊ မေ ၁၀

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်း မုန်တိုင်းအဖြစ် အသွင်ပြောင်းနိုင်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့အကြားမှ ဖြတ်သန်းနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ညပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း သိရှိရသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားပြီး၊ပိုမိုအားကောင်းလာကာ (၁၀.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌အားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့လည်းကောင်း၊ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ (၁၁.၅.၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်ပြီး မေလ ၁၄ ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့်မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားသည်။

မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊‌ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု ခန့်မှန်းထားသည်။

ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် သတိပေးချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article