35 C
Yangon

ကန့်ဘလူခရိုင်ရှိ ရွာ ၈ ရွာကို စစ်တပ်က ၁၂ ရက် အတွင်း မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၈ လုံးပြာကျပြီး ပြည်သူ ၁ ဦး သတ်ဖြတ်ခံရကာ ၁၁ ဦး ဖမ်းဆီး ခံရ

Must read

ကန့်ဘလူခရိုင်ရှိ ရွာ ၈ ရွာကို စစ်တပ်က ၁၂ ရက် အတွင်း မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၈ လုံးပြာကျပြီး ပြည်သူ ၁ ဦး သတ်ဖြတ်ခံရကာ ၁၁ ဦး ဖမ်းဆီး ခံရ

ရန်ကုန်၊ မေ ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်မှ ၁၂ ရက်နေ့ အတွင်း ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၇၈ လုံး ပြာကျပြီး ပြည်သူ ၁ ဦး သတ်ဖြတ်ခံရကာ ၁၁ ဦး ဖမ်းဆီး ခံရ​ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာများမှာ ကန့်ဘလူခရိုင်ရှိ ဇီးကုန်းတိုက်နယ်အတွင်းရှိ ဖိုလ်ကုန်း၊ ထောက်ရှာအိုင်နှင့် ခအုံးတာကျေးရွာ၊ ကာဘိုးတိုက်နယ်မှ သိုးဘိုးနှင့် ချင်မြစ်ကျင်းကျေးရွာ၊ ထန်းကုန်းတိုက်နယ်မှ သရက်ခေါင်း၊ ဖလံချိုင်နှင့် ညောင်ပေါင်းရင်းကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ခြေမြန် တပ်ရင်း ခမရ ၃၆၁ သည် မေလ ၁ ရက်နေ့တွင် ဇီးကုန်းတိုက်နယ်ရှိ ဖိုလ်ကုန်းရွာကို ဒုတိယအကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၃၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် မေလ ၄ ရက်နေ့တွင် သရက္ကံကြီးရွာကို ပစ်ခတ် ဝင်ရောက်ပြီးနောက် စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၅၀ အရွယ် ဦးခိုင်ဇော် ဆိုသူကို နေအိမ်ဝန်း အတွင်း၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ခမရ – ၃၆၁ တပ်သည် မေလ ၇ ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ် ထောက်ရှာအိုင်ရွာကို အကြမ်းဖက်ပစ်ခတ် ဝင်ရောက်ပြီးနောက် ပြည်သူပိုင်နေအိမ် ၈၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။

ထို့ပြင် ကာဘိုးတိုက်နယ်၊ ချင်မြစ်ကျင်းရွာကို အကြမ်းဖက် စစ်တပ်။ ခမရ – ၃၆၈ စစ်ကြောင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ချင်မြစ်ကျင်းရွာမှ ထွက်ခွာ ပြီးနောက် မေလ ၁၀ ရက်တွင် သိုးဘိုးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ် ၁၅ လုံးအား ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ဒေသခံ ပျူစောထီးစစ်ကြောင်းကလည်း မေလ ၁၀ ရက်နေ့တွင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပေါင်ရင်းရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မေလ ၁၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခမရ – ၃၆၁ နှင့် ၃၆၈ ပူးပေါင်း စစ်ကြောင်းသည် ထန်းကုန်းတိုက်နယ် အတွင်းရှိ သရက်ခေါင်းနှင့် ဖလံချိုင်ရွာတို့ကို ထပ်မံ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့သော​ကြောင့် သရက်ခေါင်းရွာမှ ပြည်သူပိုင်နေအိမ် ၅ လုံးနှင့် စာသင်ဆောင် ၂ ဆောင်၊ ဖလံချိုင်ရွာမှ နေအိမ် ၂၆ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ မေလ ၁၂ ရက်နေ့ တွင်လည်း ခမရ-၃၆၁ စစ်ကြောင်းက ဇီးကုန်းတိုက်နယ်၊ ခအုံးတာကျေးရွာကို အကြမ်းဖက် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူပိုင်နေအိမ် ၁၃ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ဇီးကုန်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်၊ ကာဘိုးတိုက်နယ်ရှိ ကျေးရွာများကို လှည့်လည် မီးရှို့နေသည့်အတွက် ‌တိုက်နယ်သုံးခုရှိ ပြည်သူ ၂၀၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

Photo – မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော သရက်ခေါင်းရွာရှိ ပျက်စီးဆုံးရှုံးမှုများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article