27 C
Yangon

အကြမ်းဖက် စစ်အုပ်စု၏ အုပ်ချုပ်ရေး အလုံးစုံ ရပ်ဆိုင်းသွားပြီး ပြည်သူ့အစိုးရ တစ်ရပ်ပေါ်ပေါက်စေရေး တရုတ်ပြည်သူနှင့်အစိုးရက ဝိုင်းဝန်းကြိုးပမ်းပေးရန် GSCB က တိုက်တွန်း

Must read

အကြမ်းဖက် စစ်အုပ်စု၏ အုပ်ချုပ်ရေး အလုံးစုံ ရပ်ဆိုင်းသွားပြီး ပြည်သူ့အစိုးရ တစ်ရပ်ပေါ်ပေါက်စေရေး တရုတ်ပြည်သူနှင့်အစိုးရက ဝိုင်းဝန်းကြိုးပမ်းပေးရန် GSCB က တိုက်တွန်း

ရန်ကုန်၊ မေ ၁၃

အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်ရေး အလုံးစုံ ရပ်ဆိုင်း သွားပြီး နိုင်ငံတကာနှင့် ပြည်သူလုထုအသိအမှတ်ပြုသော ပြည်သူ့အစိုးရ တစ်ရပ်ပေါ်ပေါက်စေရန် တရုတ်ပြည်သူနှင့် အစိုးရ က ဝိုင်း ဝန်းကြိုးပမ်းပေးရန် တိုက်တွန်းကြောင်း General Strike Coordination Body – GSCB က အိတ်ဖွင့် ပေးစာပို့ တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အချိန်သုံးနှစ်နီးပါးကာလအတွင်း အဆိုးရွားဆုံးလူ့အခွင့်အရေးချိုးဖောက် ခံနေရမှု များကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရှိ ခေါင်းဆောင်များ သိရှိပြီးဖြစ်ပြီး လူပေါင်းများစွာ ထိခိုက် ဖမ်းဆီး သတ်ဖြတ်ခံနေရသော်လည်း ယခုအချိန်ထိ လုံလောက် ထိရောက်သော ကူညီထောက်ပံ့ မှု များနှင့် နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် ဆုံးဖြတ်ချက်များမှာ ပြတ်သားမှုမရှိဘဲ အထူးနှောင့်နှေး ကြန့်ကြာလျက် ရှိကြောင်း၊ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသည့် ဖိနှိပ်ခံပြည်သူများက စိတ်ပျက်စွာဖြင့် တရုတ်ကို မေးခွန်းထုတ်လိုကြောင်း GSCB က ပြောသည်။

ကမ္ဘာ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာခေါင်းဆောင်များသည် မြန်မာပြည်တွင်းရေးအပေါ် မသိကျိုးကျွံပြု မျက်နှာလွဲနေသည့်တိုင် တရုတ်ခေါင်းဆောင်များနှင့် အစိုးရသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပါဝင် ပတ်သက်လိုသည့် လုပ်ရပ်များစွာကို တွေ့မြင်ရပြီး မြန်မာလူထုက တရားမျှတမှုနှင့် အပြုသဘော ဆောင်ရန် မျှော်လင့်ပြီး ကြိုဆိုခဲ့ကြကြောင်း၊ သို့ရာတွင် တရုတ်အစိုးရ၏ လုပ်ရပ်များသည် မြန်မာပြည်တွင်းရှိ ၎င်းတို့၏ အကျိုးစီးပွါးများကာကွယ်ရေးနှင့် ဒေသတွင်း ဩဇာအာဏာကြီးမားကြောင်း ပြသရေးတို့ကို သာ ရည်ရွယ်ပြီး ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ကွဲလွဲကာ စစ်အကြမ်းဖက်အုပ်စုဖက်မှ ရပ်တည်ပြီး စစ်အာ ဏာရှင်စနစ်အောက် ပြန်လည်ရောက်ရှိစေမည့် လမ်းကြောင်းပေါ်သို့ အတင်းအကျပ် တွန်းပို့နေကြောင်း GSCB က ထောက်ပြထားသည်။

စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည့်စစ်အုပ်စုနှင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသည့် မည့် သည်အရေးကိစ္စတွင်မှ အတူတကွ လက်တွဲသွားနိုင်စရာ အကြောင်းမရှိပါကြောင်း၊ မြန်မာပြည်သူလူထု ၏ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ရှာဖွေရေးနှင့် စစ်အာဏာရှင် စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ လုံးဝပပျောက်ရေးသည်သာ ကျွန်ုပ်တို့လူထုလှုပ်ရှားမှု၏ အန္တိမ ရည်မှန်းချက် ဖြစ်ကြောင်း GSCB က ထုတ်ပြန်ပြောကြားသည်။

နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများရှိ ခေါင်းဆောင်အသီးသီးတို့သည် အကြမ်းဖက် စစ်အုပ်စု၏ အုပ်ချုပ် ရေး အလုံးစုံရပ်ဆိုင်းသွားပြီး နိုင်ငံတကာအသိအမှတ်ပြုသော ပြည်သူ့အစိုးရ တစ်ရပ် အလျင်အမြန်ပေါ် ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးရန် အထူးလိုအပ်နေကြောင်း၊ ထိုကြောင့် တရုတ်နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏အကျိုးစီးပွါးများ နိုင်ငံတကာ ဥပဒေနှင့်အညီ တည်ငြိမ်စွာ ရှင်သန် လည်ပတ်နိုင်ရေးသည် ပြည်သူလူထုကရွေးကောက် တင်မြှောက်သော အစိုးရလက်ထက်တွင်သာ တွေ့ မြင် နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

တရုတ်နိုင်ငံအစိုးရ ခေါင်းဆောင်များအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အဖိနှိပ်ခံပြည်သူလူထု ဖက်မှ ရပ်တည် စဉ်းစားကာ အကြမ်းဖက်စစ်အုပ်စုမှ အာဏာလက်လွှတ်ရေးနှင့် နိုင်ငံရေးနှင့်အုပ်ချုပ်ရေး တွင် ဆက်လက် မပါဝင်ရေးအတွက် ဖိအားပေး ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုကိစ္စသည် နိုင်ငံတွင်းဖြစ်ပျက်နေသော ပြည်တွင်းရေးကိစ္စ တခုဟု ထင်မြင်ယူဆစရာ ဖြစ်သော်လည်း ကမ္ဘာသူ ကမ္ဘာသားများဖြစ်ကြသော အပြစ်မဲ့မြန်မာ့လူထုအပေါ် မတရား လူ့အခွင့်အရေးချိုးဖေါက်ကာ ရက်စက် သတ်ဖြတ်ခံနေရသည့် လုပ်ရပ်သည် ကမ္ဘာ့အရေးကိစ္စတခု ဖြစ်သဖြင့် ကမ္ဘာသူ၊ ကမ္ဘာသားများကိုယ်တိုင် ကာကွယ်ဆန့်ကျင်ပေးရန် တာဝန်ရှိကြောင်း ထောက်ပြထားသည်။

မြန်မာပြည်သူလူထု တစ်ရပ်လုံးက မျှော်လင့်နေသည်မှာ နိုင်ငံတကာရှိပြည်သူလူထု၏ ကိုယ်ချင်းစာ တရား နှင့် ထောက်ခံအားပေးမှု ဖြစ်ပြီး မြန်မာပြည်သူလူထု၏ ခံစားမှုနှင့် အခက်အခဲကို နိုင်ငံတကာ ခေါင်းဆောင်များထက် နိုင်ငံတကာလူထုက ပို၍နားလည် ကိုယ်ချင်းစာနိုင်သည့်နည်းတူ အထူးသဖြင့် အိမ်နီးချင်းဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ပြည်သူလူထုနှင့် နိုင်ငံတကာရှိ တရုတ်လူမျိုးများကို လည်းနားလည်စေချင်ကြောင်း ယင်းအိတ်ဖွင့်ပေးစားတွင် ဖော်ပြထားသည်။

မြန်မာပြည်သူလူထု အနေဖြင့် တရုတ်ပြည်သူလူထုနှင့် နိုင်ငံတကာရှိ တရုတ်လူမျိုးများအား အမှန်တရား နှင့် တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားသူ၊ လူ့အခွင့်အရေးများကို တန်ဖိုးထားသူ၊ ဖိနှိပ်မှုဟူ သမျှကို ဆန့်ကျင် တွန်းလှန်လိုသူများဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် မည်သည့်နည်း၊ မည်သည့် အခြေ အနေတွင်မဆို တရုတ်အစိုးရ၏ အကြမ်းဖက်စစ်အုပ်စုနှင့် နိုင်ငံရေးစီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အားလုံးသည် မြန်မာ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်နေခြင်းသာဖြစ်သည်ကို သိစေလိုကြောင်း ရေးသားထားသည်။

ထိုကြောင့် အကြမ်းဖက်စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းသောလုပ်ရပ်များ မလုပ်ဆောင်နိုင်ရန် တရုတ် လူမျိုး အားလုံးက တရုတ်အစိုးရအပေါ် အကြံပြု တိုက်တွန်းပေးကြပါရန် လေးနက်စွာ တောင်းဆို ကြောင်း အိတ်ဖွင့်ပေးစာပို့ထားခြင်းဖြစ်သည်။

General Strike Coordination Body – GSCB သည် မြန်မာနိုင်ငံရှိ ငြိမ်းချမ်းစွာ အာဏာဖီဆန်လျက် ရှိသော လူထုကြားမှ ပေါက်ဖွားလာသော သပိတ်တပ်ပေါင်းစုအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းအကြမ်းဖက်စစ်တပ်မှ နိုင်ငံ့အာဏာအရပ်ရပ်ကို မတရားသိမ်းယူ အုပ်ချုပ်ခဲ့ချိန်မှစ၍ ငြိမ်းချမ်းသောနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ဆန္ဒဖော်ထုတ် ပြသနေသည့် အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီကို ထောက်ခံနေသော တရုတ်ကို ဆန့်ကျင်သည့်အနေဖြင့် အညာဒေသတွင် တရုတ်အလံကို မီးရှို့ ဆန္ဒပြနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article