ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်သွား
ရန်ကုန်၊ မေ ၂၀
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်သွားကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၀ ရက်နေ့တွင် ကံသစ်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသစ်ရွာ အရှေ့ဘက် ဆီဆိုင်အနီးရှိ သစ်ပင်အောက်တွင် ဝင်နားစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်သား အလောင်းများကို ကတ္တရာလမ်းတောက်လျောက် ဆွဲသွားကာ ကံသစ်ရွာ ကတ္တရာလမ်း တောင်ဘက် လူနေအိမ်အတွင်းထည့်၍ သစ်သားများ၊ ထင်းများ၊ တာရာများဖြင့် မီးရှို့ ဖျောက်ဖျက်သွားကြောင်း သိရှိရသည်။
” မိုင်းမိတာ စစ်ခွေး ၄ ကောင်သေတယ်။ အရာရှိ ၁ ကောင်ပါတယ်။ ကံသစ်ရွာ အရှေ့ဘက် သစ်ပင်အောက်မှာ မိုင်းမိတာ စစ်ခွေးအလောင်းတွေကို သစ်သားတွေနဲ့ တာရာတွေနဲ့ သေသေချာချာကို မီးရှို့ ထားခဲ့တာ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။
Photo – မီးရှို့ ဖျောက်ဖျက်ခဲ့သော စစ်သား အလောင်းများ
![](https://yktnews.com/wp-content/uploads/2023/05/347853355_775042704173486_4649912867047225143_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/348282931_923235402090512_1371023786629793807_n.jpg)
![](https://yktnews.com/wp-content/uploads/2023/05/348439941_621967799605585_2962521973691910254_n.jpg)