32 C
Yangon

ကျိုက်ထိုတွင် တပ်မ ၄၄ ဌာနချုပ်ကို သွားရောက်နိုင်သည့် အဓိကကျသည့် မြို့ပတ် လမ်းများကို စစ်တပ်က ဘက်ဟိုးဖြင့် ထပ်မံ ဖျက်ဆီး

Must read

ကျိုက်ထိုတွင် တပ်မ ၄၄ ဌာနချုပ်ကို သွားရောက်နိုင်သည့် အဓိကကျသည့် မြို့ပတ် လမ်းများကို စစ်တပ်က ဘက်ဟိုးဖြင့် ထပ်မံ ဖျက်ဆီး

ရန်ကုန်၊ မေ ၂၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ အာရှလမ်းမကြီးသို့ ချိတ်ဆက်ထားပြီး တပ်မ ၄၄ ဌာနချုပ်ကို သွားရောက်နိုင်သည့် အဓိကကျသည့် မြို့ပတ် လမ်း ကျယ် တစ်လမ်းကို အကြမ်းဖက်စစ်တပ်က ဘက်ဟိုးများဖြင့် မေလ ၂၀ ရက်‌ နေ့ ညပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်း‌ ဒေသပြည်သူများက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ပြောကြားသည်။

မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် စစ်တပ်က စစ်ကား ၃ စီးဖြင့် ဝင်းကလောလမ်းဆုံမှ ဝင်ရောက်၍ ဝင်းကလောကျေးရွာကို ဝင်သည့် လမ်းကို လုံခြုံရေးအပြည့်ချကာ ဘက်ဟိုးဖြင့် လမ်းကို ဖျက်ဆီးခဲ့ကြောင်း၊ လုံခြုံရေး စစ် ကား ၃ စီးတွင် အင်အား ၆၀ ခန့်နှင့် အတူ ၁၂၀ မမ လက်နက်ကြီးပါ ယူလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကား ၃ စီးနဲ့ ညနေ ၅ ခွဲလောက် ဝင်လာတယ်။ အင်အား ၆၀ လောက်ပါမယ်။ ၁၂၀ မမလည်း ပါတယ်။ လုံခြုံရေးကို အရင်ချပြီးမှ ဘက်ဟိုးနဲ့ လမ်းကို ဖျက်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

စစ်တပ်က မေလ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်း ချောင်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာ ချင်းဆက်လမ်းကို ဖျက်ဆီးခဲ့ပြီးနောက် မေလ ၂၀ ရက်နေ့တွင် အဓိက သွားလာရေးဆိုင်ရာ လမ်းတစ်လမ်းကို ထပ်မံ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။

“လမ်းတွေ ဖျက်ခံရတာ တပ်မ ၄၄ ဌာနချုပ်နဲ့ နီးလို့ ထင်တယ်။ ဒေသခံတွေ အခက်တွေ့တာပေါ့။ မိုးတွင်းရောက်တော့မယ်လေ ။ အစားအစာ သယ်ရပြုရ ခက်သွားတာပေါ့” ဟု Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ယခု ဖျက်ဆီးခံ၇သည့် လမ်းသည် အာရှလမ်းမကြီးနှင့်ချိတ်ဆက်ထားသော လမ်းကျယ်လမ်းတစ်လမ်းဖြစ်ပြီး ကင်မွန်းစခန်း-ကျိုက်ထိုကားလမ်းမကြီးမှ ဝင်းကလောကျေးရွာသို့ဖြတ်ကာ တံတားချောင်း၊ ဆောင်နိုင်ကြီး၊ ကဒိုင်တွတ်၊ မိုးဘောစတဲ့ ကျေးရွာများဘက်သို့ သွားလာနေသည့် အဓိကျသော လမ်းမကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ဖျက်ဆီးလိုက်သည့် အဆိုပါလမ်းသည် ဘီးလင်းမြို့နယ်နှင့်လည်း ဆက်နေသည့် လမ်းမကြီးဖြစ်ပြီး လမ်း ၂ ခုလုံး ဖျက်ဆီးခံရသည့်အတွက် ဒေသ ပြည်သူများ၏ သွားလာရေး အလွန်ခက်ခဲသွားပြီဖြစ်ကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article