39 C
Yangon

တနင်္သာရီတွင် စစ်ကောင်စီ၏ ခမရ ၅၆၁ က NLDနှင့် NUG ကို တိုက်ခိုက်ထားသည့် ဝါဒဖြန့်စာရွက်များကို ဓာတ်တိုင်များတွင် လိုက်ကပ်

Must read

တနင်္သာရီတွင် စစ်ကောင်စီ၏ ခမရ ၅၆၁ က NLDနှင့် NUG ကို တိုက်ခိုက်ထားသည့် ဝါဒဖြန့်စာရွက်များကို ဓာတ်တိုင်များတွင် လိုက်ကပ်

ရန်ကုန် ၊ မေ ၃၀

တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခမရ (၅၆၁)က ဝါဒဖြန့်တဲ့ လက်ကမ်းစာရွက်တွေလိုက်ကပ်နေတယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ တနင်္သာရီက ပြောပါတယ်။

ခမရ ၅၆၁ တပ်က ညောင်ပင်ကွင်းရွာအခြေစိုက်တပ်ရင်းဖြစ်ပြီး မေလ ၂၈ ရက်နေ့ နံနက် ၇နာရီလောက်မှာ ရွာရဲ့အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းတွေမှာ ဝါဒဖြန့်စာရွက်တွေလိုက်ကပ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခမရ (၅၆၁)က တပ်သားတွေဟာ ဝါဒဖြန့်စာရွက်တွေကိုလိုက်ကပ်တာတွေ အပြင် လမ်းသွားလမ်းလာတွေကို လက်ကမ်းစာရွက်​ဝေတာတွေကိုပါ ပြုလုပ်ပြီးနောက် တပ်ရင်းထဲကို ဝင်ပြေးသွားတာကြောင့် တိုက်ပွဲဖော်ဆောင်ဖို့ တပ်ဖွဲ့က သွားစောင့်ဆိုင်းနေပေမဲ့ ပစ်ခတ်မှု ဖြစ်ပွါးခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်က လိုက်ကပ်ထားတဲ့စာရွက်တွေထဲမှာ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းက စစ်မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကျဆုံးနေတဲ့ပုံတွေ ရေးသား၊ ဖော်ပြထားသလို၊ NUG နဲ့ KIA ရဲ့ မြောက်ပင့်ပေးမှုကြောင့် အသက်ပေးခဲ့ရတဲ့ PDF တွေဆိုပြီး ဝါဒဖြန့်ရေးသား ထားတာကိုလည်း မြင်တွေ့ရပါတယ်။

စစ်ကောင်စီဟာ ဝါဒဖြန့် စာရွက်ဝေတဲ့ နည်းလမ်းကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းကတည်းက ကျင့်သုံးလာခဲ့တာပါ။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ နေရာအများအပြား ဖြတ်တောက်ခံထားရစဉ်က စစ်ကိုင်းတိုင်းအတွင်းမှာ ဝါဒဖြန့်စာရွက်တွေကို ရဟတ်ယာဉ်နဲ့ လိုက်ကျဲချတာမျိုးတွေအထိ ပြုလုပ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

အာဏာသိမ်းခါစ အချိန်က ဖြန့်ဝေတဲ့ ဝါဒဖြန့်စာတွေမှာတော့ NLD မဲမသမာမှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဂတိစတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ စွပ်စွဲ၊ ပုတ်ခတ် ရေးသားထားတာတွေကို အဓိက ဖော်ပြခဲ့တာ တွေ့ရပါတယ်။

ဘက်မလိုက်ပြောက်ကျားအဖွဲ့ရဲ့ ထုတ်ပြန်စာမှာ စစ်ကောင်စီတပ်သားတွေ အနေနဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး လက်နက်နဲ့တကွ အလင်း လာဝင်ကြဖို့၊ လက်နက်နဲ့ အလင်းဝင်သူတွေကို ပြည်သူ့သူရဲကောင်းအဖြစ် အသိအမှတ်ပြုပြီး၊ ဆုငွေများချီးမြှင့်မှာဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article