33 C
Yangon

စျေးကွက် လိုအပ်ချက်အတိုင်း ဗဟိုဘဏ်က ဒေါ်လာ ရောင်းချပေးနိုင်ခြင်းမရှိ၍ အမေရိကန်ဒေါ်လာ ပြတ်လပ်ပြီး တစ်ဒေါ်လာ ၃၀၀၀ ကျပ် အထက်သို့ ဆက် လက်မြင့်တက်နေဟုဆို

Must read

စျေးကွက် လိုအပ်ချက်အတိုင်း ဗဟိုဘဏ်က ဒေါ်လာ ရောင်းချပေးနိုင်ခြင်းမရှိ၍ အမေရိကန်ဒေါ်လာ ပြတ်လပ်ပြီး တစ်ဒေါ်လာ ၃၀၀၀ ကျပ် အထက်သို့ ဆက် လက်မြင့်တက်နေဟုဆို

ရန်ကုန်၊ မေ ၃၀

ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ စျေးကွက်လိုအပ်ချက် မြင့်မားလျက်ရှိပြီး ဗဟိုဘဏ်က စျေးကွက်၏ ဝယ်လိုအားအတိုင်း ဒေါ်လာများ ထုတ်ရောင်းပေးနိုင်ခြင်းမရှိ၍ အမေရိကန်ဒေါ်လာ ပြတ်လပ်လျက်ရှိကာ ဒေါ်လာစျေးနှုန်း ဆက်လက် မြင့်တက်နေကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

ပုံမှန်အားဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၅၀ ကျပ်နှင့် ၂၉၀၀ ကျပ်အကြား စျေးနှုန်းတည်ငြိမ်ခဲ့သော်လည်း စစ်ကောင်စီက စက်သုံးဆီတင်သွင်းမှုများအတွက် ဒေါ်လာလိုအပ်ချက် ပြည့်မီအောင် မဖြည့်ဆည်းပေးခြင်း၊ စက်သုံးဆီ တင်သွင်းမှု လျှော့ချခြင်း၊ ပြည်ပသွင်းကုန်အများစုကို ပိတ်ပင်လာခြင်းစသည့် ဒေါ်လာ ပြတ်လပ်သည့် အခြေအနေများ ဖြစ်ထွန်းလာကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပြည်ပသို့ ထွက်ခွာမှု မြင့်တက်နေပြီး ဒေါ်လာ လိုအပ်ချက်ကြီးမားနေသဖြင့် ဒေါ်လာတန်ဖိုး မြင့်တက်လာကြောင်း သိရှိရသည်။

“ဒေါ်လာက အပြင်မှာ တကယ်လိုက်ဝယ်ရင် တစ်ဒေါ်လာ ၃၁၀၀၊ ၃၂၀၀ ကြိုက်ရောင်းကြိုက်ဝယ်ပါ။ ဆေးသွားကုမယ့်သူ၊ ကျောင်းတက်မယ့်သူ၊ ပြည်ပ အလုပ်အကိုင်အတွက် ထွက်မယ့်သူတွေလည်း ဝယ်ကြရတယ်။ ပြည်ပထွက်သူ အရမ်းများတော့ ဒေါ်လာလိုအပ်ချက်ကြီးတယ်။ နောက်တစ်ချက်က ဒေါ်လာဝယ်ကိုင်တဲ့သူတွေရဲ့ စျေးကွက်လိုအပ်ချက်ကလည်း ကြီးတယ်။ မြန်မာငွေ တန်ဖိုးကလည်း ဆက်တိုက် ကျနေတယ်”ဟု ရန်ကုန်စီးပွားရေးသမားက ပြောသည်။

စစ်ကောင်စီက စီးပွားရေးသမားများကို အမိန့်အာဏာဖြင့် ချုပ်ကိုင်နေခြင်းကြောင့် ပြည်တွင်းစီးပွားရေး လည်ပတ်မှုမှာ စျေးကွက်စီးပွားရေးပုံစံမဟုတ်တော့ဘဲ ပျက်စီးယိုယွင်းခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိတွင် ဒေါ်လာ စျေးနှုန်း တဟုန်ထိုးမတက်ခြင်းမှာ စစ်ကောင်စီက ဒေါ်လာစျေးကစားသော စီးပွားရေးသမားများကို ပိုင်ဆိုင်မှု လုပ်ငန်းများပါ ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်မှုကြောင့် ကြိတ်ရောင်း ကြိတ်ဝယ်သဘောဖြင့်သာ လည်ပတ် နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“လက်ရှိက စျေးကွက်စီးပွားရေးပုံစံကတော့ ပျက်သွားတာ နှစ်နဲ့ချီနေပြီ။ ဘာလုပ်လုပ် မဖြစ်တော့ဘူး။ စီးပွားရေးသမားတိုင်း ညဉ်းတယ်။ အကြွေးတွေ ပိပြီးရင်းပိနေတာ။ ဘဏ်တိုးတွေလည်း မဆပ်နိုင်။ ဘယ် လုပ်ငန်းမှ မကောင်းဘူး။ စစ်တပ်နဲ့ အဆင်ပြေ‌ပြီး တင်ဒါဆောက်လုပ်ရေးတွေ လုပ်တဲ့လူလောက်ကလွဲရင် ဘယ်သူမှ အဆင်မပြေပါဘူး။ ဒါက ပကတိအခြေအနေမှန်ပဲ” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၂၁၀၀ ကျပ် သတ်မှတ်ထား‌သော ရည်ညွှန်း ငွေလဲနှုန်းကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ ပြည်တွင်းတွင် ဒေါ်လာတန်ဖိုးမြင့်တက်မည်ဟု စျေးကွက် မတည်မငြိမ်ဖြစ်အောင် ကောလဟလ များထုတ်လွှင့်နေကြောင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာများ ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ကောလဟလ သတင်းထုတ်လွှင့်သူများကို အရေးယူမည်ဖြစ်ကြောင်း မေလ ၂၆ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

“စျေးကွက်မှာ လိုအပ်ချက်ရှိလို့ စျေးအတက်အကျဖြစ်တာပဲ။ ဒါကို ဖမ်းမယ်ဆီးမယ်ဆိုရင် ခဏတော့ ကျမှာပေါ့။ ရေရှည်မှာကတော့ စျေးကတော့ လှုပ်မှာပဲ။ ငြိမ်မှာမဟုတ်ဘူး။ စီးပွားရေးသမားကတော့ လုပ်မရရင် ရပ်ထားလိုက်မှာပဲ။ စီးပွားရေးသမားတွေရပ်လိုက်ရင် ကျန်တဲ့ ငွေကြေးလည်ပတ်မှုလည်း ရပ်မှာပဲ။ အမိန့်အာဏာနဲ့ ဘယ်တုန်းကမှ စီးပွားရေးတည်ဆောက်လို့မရပါဘူး” ဟု UMFCCI အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက ဆိုသည်။

ဒေါ်လာဝယ်ရောင်းလက်လီအရောင်းသမားများကမူ လက်ရှိ လိုအပ်ချက်အရ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ အထက်ပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး တစ်ဒေါ်လာ ၃၅၀၀ ဝန်းကျင် ရောက်ရှိနိုင်သည်ဟု ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article