အရာတော်တွင် Danger Force LPDF တပ်စခန်းကို စစ်တပ်က စီးနင်း မီးရှို့ဖျက်ဆီး၊ ရဲမေ ၁ ဦးကျဆုံးကာ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ လက်နက်ပစ္စည်းများ ဆုံးရှုံး
ရန်ကုန်၊ မေ ၃၀
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကမ်းဖြူရွာနှင့် မြောက်ကုန်းကျေးရွာအကြားရှိ Danger Force LPDF တပ်စခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အရာတော်မြို့နယ်၊ ကျောက်ပျောက်ရွာ၊ မြောက်ကုန်းကျေးရွာသို့ ရောက်ရှိလာသော အကြမ်းဖက် စစ်သား ၆၀ ခန့်ပါစစ်ကြောင်းသည် ကမ်းဖြူရွာနှင့် ဝါးရောင်းကျေး ရွာဘက်သို့ စစ်ကြောင်းထိုးဝင် ရောက်လာပြီး Danger Force LPDF တပ်စခန်းရှိရာသို့ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။
အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း လက်နက်အင်အား မမျှသောကြောင့် တပ်စခန်းကို စွန့်လွှတ်ခဲ့ရပြီး တော်လှန် ရေး ရဲမေ ၁ ဦးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်သီတာမြင့် ကျဆုံးခဲ့ကာ တပ်စခန်းတဲများနှင့်အတူ ရုပ် အလောင်းကို အကြမ်းဖက် စစ်တပ်က မီးရှို့ပြီး နံနက် ၁၀ နာရီခန့်တွင် တုံးတင်ကန်ရွာ၏ အနောက်ဘက်သို့ ဦးတည် ထွက်ခွာသွားသည်ဟု ဆိုသည်။
အကြမ်းဖက် စစ်တပ်က စခန်းအတွင်းရှိ ပိုက်ဆံ ၁၈ သိန်း ၊ မိုင်း အလုံး ၃၇ လုံး ၊ ၇.၆၂ အမျိုး အ စား ကျည် ၄၀၀ တောင့်၊ ၅.၅၆ အမျိုးအစားကျည် ၁၅၀ တောင့် ၊9mm အမျိုးအစားကျည် ၅၀ တောင့် ၊ 9ball အမျိူးအစားကျည် ၁၀၀ တောင့် နှင့်အတူ ဆိုင်ကယ်သုံးစီး ၊ ကားတစ်စီးနှင့် အခြား ဆက်စပ် ပစ္စည်းများစွာ ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စခန်းစီးနင်းခံရမှုကြောင့် တော်လှန်ရေး လုပ်ငန်းများ ရပ်တန့်သွားမည်မဟုတ်ပဲ တော်လှန်ရေး လုပ် ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျဆုံးခဲ့ရသော တော်လှန်ရေးရဲမေ အသက် ၅၀ အရွယ် ဒေါ်သီတာမြင့် အား ဝမ်းနည်းကြေကွဲစွာဖြင့် အလေးနီပြုပါကြောင်း Danger Force LPDF က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။