ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးနှင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၆ လုံး ပျက်စီး
ရန်ကုန်၊ မေ ၃၀
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU−ဗဟိုက ထုတ်ပြန်ထားသည်။
မေလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် ကျုံဒိုးမြို့နယ် အတွင်းရှိ ကော့ကာကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ကျုံဒိုးမြို့ အခြေစိုက် ခမရ ၅၄၆ တပ်ရင်းက ၁၂၀ မမ နှင့် ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာ အတွင်း လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ကော့ကာကျေးရွာနေ အသက် ၁၅ နှစ်အရွယ် စောထိန်လင်းအောင် ဘယ်ဘက်ပါးစောင်း နှင့် ဘယ်ဘက်နားထင် လက်နက်ကြီး ကျည်စထိမှန်၊ အသက် ၂၁ နှစ်အရွယ် နော်အေးမာန်ထက် ညာဘက်နောက်ကျော ကျည်စ ရှပ်ထိ၊ အသက် ၅၇ နှစ်အရွယ် ဒေါ်သိန်းရွှေ ဘယ်ဘက် လက်မောင်း ကျည်စ ရှပ်ထိပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၆ လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
မေလ အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကေအဲန်ယူ-ကျုံဒိုးမြို့နယ် ကော့ကာကျေးရွာ အတွင်းရှိ ပြည်သူ ၆ ဦး လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံး ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။