36 C
Yangon

ထိုင်းမှ မြန်မာဘက်သို့ စစ်တပ်နှင့်ရဲက လိုင်စင်မဲ့ကား ၁ စီးလျှင် ငွေကျပ်သိန်း ၇၀ ကျော်အထိ ငွေယူ တင်သွင်းနေမှု စစ်ကောင်စီထိပ်ပိုင်းအထိ အစီရင်ခံစာတက်၊ လိုင်စင်မဲ့ကားများ အရေးယူရန် အမိန့်ထွက်သော်လည်း ထူးမခြားနား

Must read

ထိုင်းမှ မြန်မာဘက်သို့ စစ်တပ်နှင့်ရဲက လိုင်စင်မဲ့ကား ၁ စီးလျှင် ငွေကျပ်သိန်း ၇၀ ကျော်အထိ ငွေယူ တင်သွင်းနေမှု စစ်ကောင်စီထိပ်ပိုင်းအထိ အစီရင်ခံစာတက်၊ လိုင်စင်မဲ့ကားများ အရေးယူရန် အမိန့်ထွက်သော်လည်း ထူးမခြားနား

ရန်ကုန်၊ ဇွန် ၄

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာနိုင်ငံတွင်းသို့ လိုင်စင်မဲ့ ကား ၁ စီးလျှင် ငွေကျပ်သိန်း ၄၀ ကျော်မှ သိန်း ၇၀ ကျော်အထိ စစ်တပ်နှင့်ရဲများက စစ်ဆေးရေး ဂိတ်များတွင် တောင်းခံပြီး ပြည်တွင်းသို့ တင်သွင်းနေကြောင်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များထံ အစီရင်ခံစာ တက်လာကြောင်း သိရှိရသည်။

လိုင်စင်မဲ့ယာဉ်များကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ သယ်ဆောင်လျက်ရှိပြီး လိုင်စင်မဲ့ယာဉ်များကို သယ်ဆောင်ခွင့်ရရေး စစ်ဆေးရေးဂိတ်များသို့ ကားတစ်စီးလျှင် ကျပ် သိန်း ၄၀ ကျော်မှ သိန်း ၇၀ ကျော်အထိ ပေးဆောင် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်း သိရှိရ သည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ တစ်ဆင့် လိုင်စင်မဲ့ယာဉ်သယ်ဆောင်ရန်အတွက် နယ်ခြားစောင့်တပ် BGF နှင့် ဌာနဆိုင်ရာများက ကားတစ်စီး သိန်း ၂၀ ကျပ် ၊ ကော့ကရိတ်စစ်ဆေးရေးဂိတ်အပါအဝင် စစ်ဆေးရေးဂိတ်များက ၁၁ သိန်း ကျပ်ရယူ၍ သယ်ခွင့်ပေးနေခြင်းဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် လိုင်စင်မဲ့ယာဉ်သယ်ယူရာတွင် မြဝတီမှ မန္တလေးသို့ ပို့ဆောင်ရာ၌ ကားအမျိုးအစားပေါ်မူတည်၍ ကျပ် ၃၅ သိန်း မှ သိန်း ၄၀ ကျပ်အထိ ၊ မန္တလေးမှ လားရှိုး၊ တောင်ကြီးသို့ ပို့ဆောင်ပါက ၁၀ သိန်း ကျပ်၊ မန္တလေးမှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ပါက ၁၅ သိန်းကျပ်ဖြင့် ပို့ဆောင်ခပေးကာ သယ်ယူနေကြခြင်းဖြစ်ပြီး စစ်ဆေးရေးဂိတ်တစ်ခုချင်းစီသို့ လာဘ်ငွေပေးဆောင်၍ သယ်ယူနေကြခြင်းဖြစ်သည်ဟု သိရှိရသည်။

မြဝတီမြို့မှ မန္တလေးမြို့အထိ လိုင်စင်မဲ့ယာဉ် သယ်ယူရာတွင် စစ်ဆေးရေးဂိတ် ၂၂ ဂိတ်ကို ဖြတ်သန်းရကြောင်း၊ အဆိုပါ ဂိတ်များမှာ ကော့ကရိတ်တံတားဂိတ်၊ ဂျိုင်းရဲစခန်း၊ သံလွင်တံတားဂိတ်၊ ဝါးဘိုးတောဂိတ်၊ ဒုံသမိတံတားဂိတ်၊ သထုံမြို့ နယ်ဌာနဆိုင်ရာများ၊ ကျိုက္ကော်ဂိတ်၊ ဘီးလင်းမြို့နယ်ဌာနဆိုင်ရာများ, ကျိုက်ထိုဂိတ်၊ မရမ်းချေင်းစစ်ဆင်ရေးဂိတ်၊ မုပ္ပလင်ဂိတ်၊ စစ်တောင်းတံတားအဆင်းဂိတ်၊ စစ်တောင်းတံတား Toll Gate၊ ဝေါမြို့နယ် X-Ray စက်ဂိတ်၊ ညောင်ခါးရှည်ဂိတ်၊ ဝေါဂိတ်၊ ဘုရားကြီးဂိတ်၊ ဘောနပ်ကြီးဂိတ်၊ ၁၁၅ မိုင်ဂိတ်၊ နေပြည်တော် Toll Gate၊ စကားအင်း Toll Gate နှင့် မိတ္ထီလာသီးကုန်း Toll Gate များကို ဖြန်သန်းရပြီး တစ်ဂိတ်လျှင် ကျပ် ၂၀၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကျပ်အထိ ပေးရပြီး စုစုပေါင်း ၁,၀၉၀,၀၀၀ ကျပ်အထိ လာဘ်ငွေရယူဖြတ်သန်းခွင့်ပြုနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးမြို့မှ လားရှိုးမြို့အထိ စစ်ဆေးရေးဂိတ်မှာ ၈ ဂိတ်ရှိပြီး ပုသိမ်ကြီးဂိတ် မြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ်၊ အနီးစခန်းရဲကင်း၊ ပြင်ဦးလွင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပြင်ဦးလွင်မြို့မရဲစခန်းနယ်ထိန်းအဖွဲ့၊ ဝက်ဝံ Mobile X-Ray ဂိတ်လုံခြုံရေးအဖွဲ့၊ နောင်ချိုဂိတ်၊ ကျောက်မဲဂိတ်နဲ့ သီပေါဂိတ်တို့ ဖြစ်ကြကြောင်း၊ အဆိုပါ စစ်ဆေးရေးဂိတ်များဖြတ်ရာတွ၍် တစ်ဂိတ်လျှင် ၁၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိ ပေးရပြီး စုစုပေါင်း ၁၄၀၀၀၀ ကျပ်အထိ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုက လိုင်စင်မဲ့ကားတွေကို ပိတ်သိမ်းအရေးယူဖို့ ဖမ်းဆီးဖို့ စာတွေ ညွှန်ကြားချက်တွေ ထွက်ပါတယ်။ ဒါပေမယ့် တကယ်လုပ်နေတာက ဗိုလ်ချုပ်ထိပ်ပိုင်းခေါင်းဆောင် ဘက်ဂရောင်းတွေနဲ့ လုပ်နေကြတာ။ ညွှန်ကြားချက်ထွက်တုန်း ခဏတော့ ငြိမ်သွားမယ်။ ပြီးရင် ဒုံရင်းပဲ ပြန်ရောက်မှာ။ အဓိက ပါပဝင်ပတ်သက်နေတာက တိုင်းမှူးတွေ၊ ရဲမှူးကြီးတွေနဲ့ ဗိုလ်ချုပ်တွေပဲ။ သူတို့ဆီကို လစဉ် ဘယ်လောက်ဆိုပြီး‌ အောက်ခြေက ရှာဖွေကျွေးမွေးနေရတာပါ” ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ထိပ်ပိုင်းအရာရှိကြီးတစ်ဦးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article