ခင်ဦး၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေ
ရန်ကုန်၊ ဇွန် ၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
” အဲရွာက အခုတစ်ကြိမ်နဲ့ဆို ၄ ကြိမ် မီးရှို့ဖျက်ဆီးခံထားရတဲ့ရွာပါ။ ရွာမှာရှိတဲ့ နေအိမ်တွေ အကုန်လုံးကို ထပ်ရှို့နေတာလားတော့ မသိဘူး။ ပျက်စီးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၂ လုံးပြာကျခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇ အိမ်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလ ၁၉ရက်နေ့တွင် တတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁၉၅ လုံးပြာကျခဲ့ကြောင်း သိရသည်။