ရန်ကုန်၊ မေ ၇
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရက စစ်ကြောင်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းမှ စမ်းလှန်းကျေးရွာအတွင်း ဆင်းလာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး MA- 3 သေနတ် ၁ လက်၊ MA ကျည်ဘောက် ၄ ခုနှင့် ကျည် ၁၀၀တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး သေစာရင်းကတော့ ထပ်တိုးသေဆုံးတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ဒူရက စစ်ကြောင်း အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ် ကြောင်း မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိဘပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက် နေသည့် အချိန်ဖြစ်သောကြောင့် စ-စ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် ဒူရက စစ်ကြောင်း အဖွဲ့ အသိပေးနှိုးဆော်ထားသည်။
ထို့ပြင် မေလ ၆ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း လောင်းလုံးမြို့ပေါ်မှ အင်အား ၁၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြင်းထိန်ရွာဘက်မှ ဝေဒီကျေးရွာအတွင်းကို ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း၊ ထို စစ်ကြောင်းသည် နံနက် ၅ နာရီခန့်တွင် ဝေဒီရွာအတွင်းသို့ ရောက်ရှိလာပြီး ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ကာ ပြည်သူပိုင်ကား ၂ စီးနှင့် တောတဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ မေလ ၇ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။




