ရန်ကုန်၊ မေ ၇
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ခမရ ၄၃၅ ၊ ၄၃၆ တပ်ရင်းအနီးရှိ အမှတ် ၂ ရပ်ကွက်တွင် လက်နက်ကိုင်ဆောင်ထားသူများက ဓားပြဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခြင်းကြောင့် ဓားပြ အားလုံးကို အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ် အမှတ် ၂ ရပ်ကွက်၊ သုဇိတာ ၇ လမ်းတွင်နေထိုင်သော ဗေဒင်ဆရာ ထိုက်အောင်လင်း နေအိမ်ကို သေနတ် ၂ လက်ကိုင်ဆောင်ထားသူ ၃ ဦးက ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓားပြဝင်ရောက်တိုက်နေစဉ် အိမ်ရှင် မိသားစုဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူး လှိုင်ဝင်းထွန်းကို ဖုန်းဆက် အကြောင်းကြားခဲ့သောကြောင့် အုပ်ချုပ်ရေးမှူးအဖွဲ့က အဆိုပါနေအိမ်သို့ ရောက်ရှိသွားကြောင်း၊ ထိုသို့ အုပ်ချုပ်ရေးမှူး ရောက်ရှိလာစဉ် ဓားပြများက ၎င်းတို့ အားလုံးသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) များဟု ပြောဆိုခဲ့ကြောင်း၊ ထို့နောက် အုပ်ချုပ်ရေးမှူးက စရဖ အကူ ၁ နှင့် အကူ ၂ မည်သည့် အဖွဲ့မှ ဖြစ်ကြောင်း မေးမြန်းစဉ် ဓားပြများက နေအိမ်ပေါ်မှ ဆင်း၍ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ထွက်ပြေးသွားစဉ် ရပ်ကွက်နေပြည်သူများက ဓားပြများကို လိုက်လံ ဖမ်းဆီးရာ သစ္စာလမ်းထိပ်အရောက်တွင် ဓားပြများက သေနတ် ၂ ချက်ပစ်ဖောက်ပြီး လိုက်လံ ဖမ်းဆီးသည့် ပြည်သူများကို ဟန့်တားခဲ့သော်လည်း အနီးကပ် လုံးထွေး ဖမ်းဆီးနိုင်ခဲ့သောကြောင့် ဓားပြ ၃ ဦးလုံးကို အရှင် ဖမ်းနိုင်ခဲ့ကြောင်း သိရသည်။
“နေ့ခင်းဘက်ကြီးကို ဓားပြဝင်တိုက်တာ ပြီးတော့ ၂ ရပ်ကွက်ဆိုတာ ခမရ ၄၃၅ ၊ ၄၃၆ တပ်ရင်းနဲ့ နီးနီးလေး ပြည်သူတွေ ဝိုင်းဖမ်းလို့ မိသွားတာ မဟုတ်ရင် မိမှာမဟုတ်ဘူး။ ဓားပြတွေ သေနတ် ပစ်ဖောက်သွားတာ သေနတ်သံ ၂ ချက်လောက်ကြားလိုက်ရတယ်။ ပြည်သူတွေက ဝိုင်းပြီး လိုက်ကြတော့ ဟန့်တာပေါ့။ အနီးကပ်တွေ ဝင်လုံးနိုင်ခဲ့တော့ အကုန်လုံးကို ဖမ်းဆီးနိုင်ခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ဖမ်းဆီးရမိသော ဓားပြ ၃ ဦးလုံးကို မြောက်ဥက္ကလာမြို့နယ် ရဲတပ်ဖွဲ့သို့ သက်သေခံပစ္စည်းများနှင့် အတူ အပ်နှံလိုက်ကြောင်း သိရသည်။






