29.6 C
Yangon

Breaking News- နတ်သံကွင်းတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီးနောက် ကျောက်ကြီးမြို့နှင့်နတ်သံကွင်းမြို့ကို ချိတ်ဆက်ထားသော စစ်တောင်းမြစ်ကူးတံတား မိုင်းမိ၍ ထက်ပိုင်း ပြတ်ကျိုးကျသွား

Must read

Breaking News- နတ်သံကွင်းတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီးနောက် ကျောက်ကြီးမြို့နှင့်နတ်သံကွင်းမြို့ကို ချိတ်ဆက်ထားသော စစ်တောင်းမြစ်ကူးတံတား မိုင်းမိ၍ ထက်ပိုင်း ပြတ်ကျိုးကျသွား

ရန်ကုန်၊ ဇွန် ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတွင် ယနေ့ နံနက်အစောပိုင်းတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့တို့ကို ချိတ်ဆက်ထားသော စစ်တောင်းမြစ်ကူးတံတား မိုင်းမိပြီး ထက်ပိုင်းကျိုးကျသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနှင့် နတ်သံကွင်းရဲစခန်း တို့တွင် အပြန်အလှန်ပစ်ခတ်သံများ ထွက်ပေါ်လာပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ၊ နံနက် ၄ နာရီ ၁၅ မိနစ်မှ ယခု နံနက် ၇ နာရီဝန်းကျင်အချိန်အထိ တိုက်ပွဲများဖြစ်နေဆဲဖြစ်ကြောင်း၊ ယနေ့ နံနက် ၆ နာရီခွဲနှင့် ၇ နာရီအကြားတွင် ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့တို့ကို ချိတ်ထားသော စစ်တောင်းမြစ်ကူးတံတား ထက်ပိုင်းကျိုးကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဒီမနက်လေးနာရီ ၁၅လောကတိုက်ပွဲတွေဖြစ်တယ်။ နတ်သံကွင်းရွာ၊ ရေတွင်းကုန်ကြီး၊ ဘုံသတော တပ်စခန်းတွေနဲ့ နတ်သံကွင်းရဲစခန်းတွေ အစီးခံရတယ်လို့ သိရတယ်။ အခုထက်ထိ ပစ်ခတ်သံတွေ လက်နက်ကြီး ပစ်သံတွေ မရပ်သေးဘူး။ နံနက် ၆ ခွဲနဲ့ ၇ နာရီအကြားမှာ စစ်တောင်းမြစ်ကူးတံတား (နတ်သံကွင်း) လုံး၀ ထက်ပိုင်းကျိုးကျသွားတယ်။ ပေါက်ကွဲသံကြီးနဲ့အတူ ကျိုးကျသွားတာ။ မိုင်းဆွဲခံရတယ်ထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက် ၇ နာရီအချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် နတ်သံကွင်းရဲစခန်း အပါအဝင် ဝင်ရောက်စီးနင်းခံရသော စစ်တပ်စခန်းနေရာများကို ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေတွင် KNLA တပ်များနှင့် PDF မဟာမိတ် ပူးပေါင်းတပ်များက လှုပ်ရှားလျက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ကျိုးကျနေသော ကျောက်ကြီးမြို့-နတ်သံကွင်းမြို့ စစ်တောင်းမြစ်ကူးတံတား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article