25 C
Yangon

သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာ ၁၁ ရွာမှ အိမ်ထောင်စု ၅၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

Must read

သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာ ၁၁ ရွာမှ အိမ်ထောင်စု ၅၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ ဇွန် ၁၆

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ကျေးရွာ ၁၁ ရွာမှ စစ်ဘေးရှောင် ပြည်သူတွေ စားနပ်ရိက္ခာ အရေးပေါ် လိုအပ် နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းဒပ်ရွာ၊ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ကတွဲရွာ၊ ကညင်ချောင်းရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာ၊ ကနက်သီရိရွာတွေက ပြည်သူတွေဟာ ပြီးခဲ့တဲ့ တစ်ပတ် ကတည်းက ရွာလုံးကျွတ်စစ်ဘေးရှောင်ပြေးနေရတာပါ။ ထွေအုပ်မှတ်တမ်းတွေအရအဆိုပါ ရွာ ၁၁ ရွာထဲက ရွာ ၈ ရွာမှာ အိမ်ထောင်စု ၅၀၀၀ နီးပါး ရှိနေပါတယ်။

သူတို့ဟာ စစ်ကောင်စီစစ်ကြောင်းတွေ စဝင်တာနဲ့ ထွက်ပြေးလာရတဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုး အကာတွေအပြင် အဝတ်အစားတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေပါ အရေးပေါ် လိုအပ်နေတာလို့ စစ်ဘေးရှောင်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

ထွက်ပြေးလာတဲ့အရပ်သားတွေထဲက တချို့ဟာ ထားဝယ်မြို့ပေါ်ကို ရှောင်ကြသလို တချို့ ဒေသခံ တွေကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ရွာတွေမှာ စစ်ဘေးရှောင်နေကြတဲ့အတွက် ခိုလှုံနေရတဲ့ နေရာပေါ်မူတည်ကာ အခက်အခဲကွာခြားမှုတွေ ရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“မြို့ပေါ်မှာသွားရှောင်နေကြတဲ့စစ်ရှောင်တွေက စားနပ်ရိက္ခာဝယ်လို့ လွယ်သေးတယ်။ ရွာမှာ ပိတ်မိနေတဲ့သူတွေနဲ့ ရွာအနားတဝိုက်က လူတွေဆိုဝယ်ရတာ မလွယ်ကြဘူးဗျ။ စျေးသည် တွေကလည်း အဲနားတဝိုက်ကိုဆို မသွားရဲကြတော့ဘူး။” လို့ သူကပြောပါတယ်။

ရိက္ခာတွေအလှူခံပြီး သွားပို့ရင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကနေ ထောက်ပို့ လို့စွပ်စွဲဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ဘယ်သူမှာ သွားမလှူရဲဘဲ ဖြစ်နေကြတယ်လို့ စစ်ဘေး ရှောင်အမျိုးသားက ဆက်ပြောပါတယ်။

လက်ရှိပဋိပက္ခဖြစ်နေတဲ့ရွာတွေက ဒေသခံတွေဟာ ကားလမ်းကို အသုံးမပြုရဲတာကြောင့် ရေလမ်းကိုအသုံးပြုနေကြရပြီး ပိတ်မိနေတဲ့ပြည်သူတွေရှိသေးတယ်လို့ သိရပါတယ်။

ပိတ်မိနေတဲ့ဒေသခံတွေဟာ အများအားဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်း သူတွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်း မင်းဒပ်ရွာအနီးမှာ ဒီကနေ့ အထိ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသတွင်းစစ်ရေးအခြေအနေကတော့ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီချင်တဲ့ပြည်သူတွေအနေနဲ့ ကနက်သီရိ ရွာသူ/သား များအတွက် ဆွေးနွေးမှုပေါင်းစုံနဲ့အမျှဝေမှုများဖေ့စ်ဘုတ်ပေ့ချ်စာမျက်နှာ https://www.facebook.com/kanetthirivillager ကနေလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ စစ်ဘေးရှောင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article