မိုင်းခွဲခံရသည့် ကျုံအိတ်တံတားကို ပိတ်ဆို့ပြီး စစ်ဆေးမှုလုပ်နေသည့် စစ်တပ် နှင့် ဌာနဆိုင်ရာ အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှု သထုံခရိုင်လမ်းဦးစီးမှူး ဦးဇော်မင်း သေဆုံး၊ စစ်သားနှင့်ရဲ ၂၀ ကျော်ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းအကြား မိုင်းခွဲခံရသည့် ကျုံအိတ် တံတား ကို ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်နေသည့် စစ်တပ်နှင့်ဌာနဆိုင်ရာ အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားပြီး သထုံခရိုင်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်း သေဆုံးကြောင်း သိရှိရသည်။
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ကျုံအိတ် တံတား ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီတွင် မိုင်းခွဲခံရ၍ ပြိုကျပြီးနောက် ယင်းတံတားကို စစ်တပ်နှင့်ဌာနဆိုင်ရာများက ယနေ့ နံနက် ၈ နာရီအချိန် လာရောက်စစ်ဆေးကြောင်း၊ ထိုသို့စစ်ဆေးစဉ် ထပ်မံ ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ သထုံခရိုင် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နေရာတွင် ပွဲချင်းပြီး သေဆုံးကြောင်း၊ စစ်တပ်ကလည်း ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင် ကြောင်း သိရှိရသည်။
“စနိုက်ပါနဲ့ပစ်တာ။ အဲဒီမှာ ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်က ဒဏ်ရာရတာက ၂၀ ကျော်တယ်။ စစ်တပ်ရော ရဲရော ၊ ဌာနဆိုင်ရာတွေရော အကုန် ထိတာ။ စနိုက် ပါတွေနဲ့ပတ်ပတ်လည်ကနေ ပစ်တာ” ဟု တော်လှန်ရေး သတင်း ရင်းမြစ်က ပြောသည်။
စစ်တပ်ဘက်ကမူ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်သည်ဟု သတင်းထုတ်ပြန်ထားပြီး ဝန်ထမ်း ၁ ဦး သေဆုံးကာ စစ်တပ်နှင့်ရဲ၊ ဌာနဆိုင်ရာ ၂၇ ဦးကျော်ဒဏ်ရာရရှိ ကြောင်း သတင်းဖော်ပြ ထား သည်။



