ထိုင်းနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် ဇူလိုင်လ ၃ ရက် ပြုလုပ်မည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ထိုင်းနိုင်ငံရေးအခြေအနေနှင့် အဖမ်းအဆီးများရှိနိုင်၍ ဖျက်သိမ်း
ရန်ကုန်၊ ဇွန် ၃၀
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဇူလိုင်လ ၃ ရက်နေ့ မင်းအောင်လှိုင် အသုဘ အဖြစ် ထိုင်းရောက် မြန်မာနိုင်ငံသားများက အမည်းရောင်ဝတ်၍ ဆန္ဒပြကြရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေမှုနှင့် အဖမ်းအဆီးများ ရှိနိုင်၍ ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။
ဇူလိုင် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၊ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ စီစဉ်ထားခဲ့သော်လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ပွဲကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
“ထိုင်းနိုင်ငံမှာလည်း ဇူလိုင်လ ၃ ရက်နေ့ လွှတ်တော်သစ်စခေါ်တယ်။ သူ့နိုင်ငံရေးအခြေအနေကလည်း ရှုပ်ထွေးမယ့်အခြေအနေ ရှိတယ်။ တစ်ဖက်မှာလည်း တရားမဝင် ၊ တရားဝင်ပါ မြန်မာအလုပ်သမားတွေအပေါ် ဖမ်းဆီး စိစစ်မှုတွေရှိလာနိုင်လို့ ဒီတစ်ခေါက် ဇူလိုင် ၃ ရက်ပွဲကို ပွဲစီစဉ်သူတွေဘက်က ဖျက်သိမ်းတယ်လို့ သိရတယ်” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုဟိဏ်းဝေယံက ပြောဆိုသည်။