ကွတ်ခိုင်မှ မူဆယ်သို့ တက်လာသည့် စစ်တပ် ယာဥ်တန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီး
ရန်ကုန်၊ ဇူလိုင် ၁၂
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မှ မူဆယ်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ဘက်မှ မူဆယ်ဘက်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ မှ စစ်ကား ၁၀ စီးပါ ယာဥ်တန်းကို KIA တပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊ တပ်မဟာ ၄ ၊ အမှတ် ၈ တပ်ရင်းတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကား ၂ စီး ထိခိုက် ပျက်စီးကာ စစ်သား ၈ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ကျန်ရှိနေသော စစ်ကား ၈ စီးသည် မောင်းပြေးပြီး လမ်းရှိ ပြည်သူများ၏ ကားများကို အရှိန်ဖြင့်ဝင်တိုက်၍ နမ့်ဖက်ကာ ၁၂၃ တပ်ရင်းကို မောင်းပြေး သွားကြောင်း၊ မောင်းပြေးသွားသော စစ်ကားများ ဝင်တိုက်သောကြောင့် ပြည်သူ အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။