36 C
Yangon

စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲနီးပါး ကြာမြင့်လာချိန်တွင် ကားစျေး ၅ ဆကျော်တက်ပြီး ပြည်ပမှ ကားတင်သွင်းခွင့်အားလုံး စစ်တပ်က ပိတ်ပင်ထား

Must read

စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲနီးပါး ကြာမြင့်လာချိန်တွင် ကားစျေး ၅ ဆကျော်တက်ပြီး ပြည်ပမှ ကားတင်သွင်းခွင့်အားလုံး စစ်တပ်က ပိတ်ပင်ထား

■ ယခင် သိန်း ၁၀၀ ကျော်ကား တစ်စီးလျှင် ယခု သိန်း ၄၀၀ ကျော်ဖြစ်လာပြီး ကားတစ်စီးလျှင် အခြေခံစျေးနှုန်း သိန်း ၂၅၀ ကျော်ပေါက်

ရန်ကုန်၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲနီးပါး ကြာမြင့်လာချိန်တွင် မော်တော်ကားစျေးနှုန်းများ ၅ ဆကျော် မြင့်တက်သွားပြီး စစ်ကောင်စီက ဒေါ်လာငွေ မရှိတော့၍ ကားတင်သွင်းခွင့်အားလုံးကို ပိတ်ပင်ထားကြောင်း ပြည်တွင်းကားစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှစတင်၍ မော်တော်ကား တင်သွင်းခွင့်များကို တဖြည်းဖြည်း တင်းကျပ်လာခဲ့ရာမှ ယခုနောက်ဆုံး လုပ်ငန်းသုံးကားမှ လွဲ၍ အိမ်စီးကားနှင့် အခြားကားအမျိုးအစား အားလုံး တင်သွင်းခွင့်အားလုံးကို အလုံးစုံ ပိတ်ပင်ထားကြောင်း၊ ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သည့် SKD နှင့် CKD ကားများမှာလည်း ထုတ်လုပ်မှု ရပ်ဆိုင်းထားကြကြောင်း၊ အခြားတစ်ဖက်တွင်လည်း ငွေကြေးတတ်နိုင်သူများက ကားစျေးကွက်တွင် ရင်းနှီးမြှုပ်နှံ စီးပွားရေးလုပ်ကိုင်လာကြသဖြင့် ကားစျေးနှုန်းမှာ အာဏာသိမ်းပြီး ၂ နှစ်ခွဲအကြာတွင် အမြင့်ဆုံး ထိုးတက်နေကြောင်း သိရှိရသည်။

“ပြည်တွင်းမှာ Suzuki ကားတွေကလည်း ထုတ်လုပ်မှု ရပ်ဆိုင်းထားတယ်။ အခုနောက်ဆုံး Suzuki Ertiga ကားအသစ် နောက်ဆုံးနံပါတ် S တန်းဆိုရင်တောင် သိန်း ၁၃၀၀ ကျော်လာပြီ။ Suzuki Ertiga နံပါတ်အဟောင်းတွေဆိုရင် သိန်း ၆၀၀ ကနေ သိန်း ၉၀၀ လောက်အထိ စျေးပေါက်လာတယ်။ နောက်တစ်ခါ တစ်ပတ်ရစ်ဂျပန်ကားတွေရဲ့ စျေး ဘယ်လောက်တက်သွားလဲဆိုရင် အရင် လူစီးများတဲ့ Toyota Belta ကားတစ်စီးက သိန်း ၁၀၀ ကျော်၊ သိန်း ၁၅၀ ပတ်ချာလည်ကနေ အခု Toyota Belta ကားတစ်စီးကို သိန်း ၄၀၀ ကျော်နဲ့ ၅၀၀ အထိ ကားကောင်းရင် ကောင်းသလို စျေးပေါက်လာတယ်။ လူသုံးများတဲ့ Toyota Probox ဆိုရင် ကားတစ်စီးကို အနိမ့်ဆုံး သိန်း ၂၅၀ ကနေ ကားကောင်းရင် ကောင်းသလို စျေးတက်သွားတယ်။ နံပါတ်အဟောင်း Honda Fit ကားလေးတွေဆိုရင်လည်း သိန်း ၄၀၀ ကျော်ကနေ စပြီး စျေးပေါက်နေတာ။ ကားစျေးက ယေဘုယျပြောမယ်ဆိုရင် ၅ ဆန်ကျော် တက်သွားတာလို့ပြောလို့ရမယ်” ဟု ရန်ကုန်ကားစျေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တွင် စက်ရုံဖွင့်လှစ်ပြီး ကားထုတ်လုပ်နေသော ဂျပန် Suzuki Motor Corp နှင့် Denso Corp.Suzuki တို့က ကားထုတ်လုပ်ရေး လုပ်ငန်းများကို စစ်အာဏာသိမ်းချိန်မှစတင်ပြီး ရပ်ဆိုင်းထားခဲ့ကြသည်။

စစ်ကောင်စီက လျှပ်စစ်ကားများကို အခွန်လျှော့ပေါ့၍ တင်သွင်းခွင့်ပြုထားသော်လည်း လျှပ်စစ်မီး ပုံမှန်မရခြင်း၊ မြန်မာနိုင်ငံ၏ လမ်းအခြေအနေမကောင်းမွန်ခြင်း၊ မြို့ပြတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများပြားခြင်းတို့ကြောင့် လျှပ်စစ်ကားမှာ ငွေကြေးချမ်းသာသူတို့ လက်တည့်စမ်း ဝယ်ယူစီးနင်းသည့် စျေးကွက်ပုံစံသာရှိသည်ဟု စျေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။

“EV ကတော့ လူသိပ်မကြိုက်ဘူး။ ကိုယ့်အိမ်မှာတောင် မီးပုံမှန်လင်းဖို့ ဘုရားတဆုတောင်းနေရတာ။ EV ကား ဝယ်ထားရင် အားသွင်းဖို့ လျှပ်စစ်က စိတ်ပူရတယ်။ EV ကတော့ ခြံနဲ့ဝင်းနဲ့နေတဲ့ ငွေကြေးချမ်းသာတဲ့သူတွေ စမ်းသုံးကြ၊ ဝယ်ကြ ဒီသဘောပဲ။ ကားစျေးကွက်ထဲအထိ မထိုးဖောက်နိုင်ဘူး။ အဝယ်အရောင်း စျေးကွက်ထဲလည်း မဝင်ဆန့်ဘူး။ ဝယ်ချင်ရင် Show Room မှာ သွားဝယ်ပဲ။ မစီးချင်ရင်တော့ ဒီစျေးကွက်ထဲ လာရောင်းလည်း ဝယ်မယ့်သူ နည်းတယ်” ဟု ကား Show Room ဖွင့်လှစ်ထားသူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေစျေးကွက်၊ ဒေါ်လာ ဝယ်ရောင်းစျေးကွက်တို့တွင် ကုန်သည်များနှင့် စီးပွားရေးသမားများကို ဖမ်းဆီးခြင်း၊ စျေးနှုန်းအတက်အကျ ထိန်းချုပ်ရန် စျေးကွက်ကို ဖြိုခွင်းနေခြင်းတို့ကြောင့် ကားစျေးကွက်ဘက်သို့ လှည့် ရင်းနှီးမြှုပ်နှံကြကြောင်း သိရှိရသည်။

“ဘဏ်တွေကလည်း ကိုယ်အပ်ထားတဲ့ငွေကိုတောင် ပြန်မထုတ်ပေးနိုင်တော့တဲ့အခြေအနေမှာ ငွေရှိတဲ့သူတွေက အိမ်ခြံမြေတိုက်ခန်းစျေးကွက်၊ ရွှေနဲ့ ဒေါ်လာစျေးကွက်၊ ကားစျေးကွက်ထဲကို ပဲ ရင်းနှီးမြှုပ်နှံကြတယ်။ ဒီစျေးကွက်တွေက ဆူလွယ်နပ်လွယ် ငွေဖြစ်လွယ်တယ်။ အခု ရွှေနဲ့ဒေါ်လာ တအားဖမ်းတော့ အဲဒီက လူတွေလည်း ကားစျေးကွက်နဲ့ အိမ်ခြံမြေစျေးကွက်ကို လှည့်လာတာ။ ကားစျေးကွက်ကို လာပြီး ရင်းနှီးမြှုပ်နှံတာတောင် ပိုများမယ်” ဟု ရန်ကုန်စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ကားစျေးကွက်တွင် ယခင် စက်မှုဇုန်ထုတ် Super Custom ကား တစ်စီးလျှင်ပင် ငွေကျပ် သိန်း ၂၀၀ ကျော် စျေးပေါက်နေပြီး အခြားသော တစ် ပတ်ရစ် ဂျပန်ကားဟောင်းများမှာလည်း အနိမ့်ဆုံးငွေကျပ် သိန်း ၂၅၀ မှ ကားအမျိုးအစား၊ ထုတ်လုပ်သည့်ခုနှစ်၊ ထွက်ရှိထားသည့် နံပါတ်ကို လိုက်၍ သိန်းထောင်ချီအထိ စျေးပေါက်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်ပမှ ကားတင်သွင်းခွင့်အားလုံးကို အလုံးစုံ ပိတ်ပင်ထားသည့်အတွက် ကားစျေးနှုန်းများ ဆက်လက် မြင့်တက်မည်ဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

“ကားတင်သွင်းခွင့်က ပေးမယ့် အခြေအနေလည်းမရှိဘူး။ စီးပွားရေးပိတ်ဆို့မှု တွေကြောင့် ဒေါ်လာလိုအပ်ချက်ရှိနေတော့ ကား Import ပေးမှာ မဟုတ်တာက သေချာတယ်။ အဲဒီတော့ ကားစျေးကွက်က ဒီထက် ထပ်တက်ဖို့ကလွဲရင် အခြားလမ်းမမြင်ဘူး။ နိုင်ငံရေးကလည်း မပြေလည်တော့ အခြေအနေက ဒီထက် ဆိုးလာနိုင်ပါတယ်” ဟု ရန်ကုန်ကားစျေးကွက်ကျွမ်းကျင်သူက သုံးသပ်သည်။

ဓာတ်ပုံ- NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ရန်ကုန် Suzuki စက်ရုံထုတ် ကားတစ်စီးကို ခင်းကျင်းပြသထားစဉ်။

Photo Credit- Kyodo

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article